အကြွေးဆပ်ရမှာစိုးလို့ ဖေ့ဘွတ်ခ်ပေါ်မှာ သေပြီလို့ လိမ်ညာခဲ့သူ

28-12-2022-yyl-113.jpg

အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၂၆၈ ( မြန်မာငွေ ၇ သိန်းဝန်းကျင်) အကြွေးမဆပ်ချင်တဲ့အတွက် ဖေ့ဘွတ်ခ်ပေါ်မှာ သေပြီလို့ လိမ်ညာခဲ့ပါတယ်။ ပရာမီတာဟာ သူ့သားကို သေချင်ယောင်ဆောင်နေတဲ့ ဓာတ်ပုံတွေ ရိုက်ပြီး ဖေ့ဘွတ်ခ်ပေါ် တင်ခိုင်းခဲ့တာပါ။

ပရာမီတာဟာ စုမဲ စုရာကနေ မာယာဂူနာဝမ်နဲ့ သိကျွမ်းခဲ့ပြီး ပိုက်ဆံချေးခဲ့တာပါ။ ဒါပေမဲ့ သူတို့နှစ်ယောက်က အွန်လိုင်းပေါ်မှာပဲ သိတာဖြစ်ပြီး အပြင်မှာ လူချင်းမတွေ့ဖူးကြပါဘူး။ မာယာဂူနာဝမ်က အွန်လိုင်းကနေ စုမဲစုတဲ့ အခြားအဖွဲ့ဝင်တွေကို ပရာမီတာအကြောင်း မေးမြန်းကြည့်ချိန်မှာ မကောင်းသတင်း မကြားရတဲ့အတွက် ပိုက်ဆံချေးပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပရာမီတာဟာ ပြန်ဆပ်ရမယ့်အချိန်မှာ မဆပ်နိုင်လို့ အချိန်ရွှေ့ခိုင်းခဲ့ပြီး အချိန်ပြည့်ချိန်မှာ အခုလို လိမ်ညာခဲ့တာပါ။ ယာဉ်မတော်တဆမှုကြောင့် ပရာမီတာ သေသွားပြီဆိုတဲ့ သတင်းကြားကြားချင်း မာယာဂူနာဝမ်က သူ ရစရာရှိတဲ့အကြွေးကို မတွေးဘဲ ပရာမီတာအတွက် စိတ်မကောင်းဖြစ်မိခဲ့ပါတယ်။ ဒါပေမဲ့ ပရာမီတာကို သူ့အိမ်နဲ့ အလွန်ဝေးကွာတဲ့နေရာမှာ သင်္ဂြုဟ်မယ်ဆိုလို့ သင်္ကာမကင်းဖြစ်မိပြီး ပရာမီတာရဲ့ သားဖြစ်သူ တင်ထားတဲ့ ဓာတ်ပုံတွေကို စေ့စေ့စပ်စပ် ကြည့်ချိန်မှာ တချို့ပုံတွေက အွန်လိုင်းကနေ ယူထားတဲ့ ဓာတ်ပုံတွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် မာယာဂူနာဝမ်က ပရာမီတာရဲ့သားကို အကျပ်ကိုင်မေးမြန်းချိန်မှာတော့ သူ့အမေ အမှန်တကယ် သေဆုံးတာမဟုတ်ဘဲ အကြွေးမပေးချင်လို့ လိမ်ညာခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ ပရာမီတာ ဘယ်မှာ ရှိနေလဲဆိုတာ မသိရသေးသလို မာယာဂူနာဝမ်ကလည်း သူ့ပိုက်ဆံ ပြန်မရသေးပါဘူး။

Ref: Woman Plays Dead for Facebook Photos to Evade $270 Debt

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top