ကမ္ဘာ့အချမ်းသာဆုံးခွေး ပိုင်ဆိုင်တဲ့အိမ်ကြီးကို ဒေါ်လာ ၃၂ သန်းနဲ့ စျေးကွက်တင်ရောင်းချနေ

19-11-2021yyl6.png

ဂျာမန်သိုးထိန်းခွေးအမျိုးအစားဖြစ်တဲ့ ဂန်သာ (VI) က သူ့ရဲ့အဘိုး ဂန်သာ (IV) ဆီက ဒေါ်လာ သန်း ၅၀၀ အမွေ ဆက်ခံပြီးနောက် ကမ္ဘာ့အချမ်းသာဆုံး ခွေးဖြစ်လာခဲ့တာပါ။ အခုဆိုရင် ဂန်သာ (VI) ပိုင်ဆိုင်တဲ့ မိုင်ယာမီ အိမ်ကြီးကို ဈေးကွက်တင်ကာ ရောင်းချနေပါတယ်။ အခုရောင်းချနေတဲ့ အိမ်ကြီးကို အရင်က အဆိုတော်မက်ဒေါးနာပိုင်ဆိုင်ခဲ့ဖူးပါတယ်။

သတင်းထွက်ရှိချက်တွေအရ ၁၉၉၂ခုနှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ ဂျာမန်အမျိုးသမီးက သူ့ရဲ့ခွေး ဂန်သာ (III) ဆီ ဒေါ်လာ ၅၈ သန်းတန်တဲ့ ဒေါ်လာသန်းပေါင်းများစွာကို ချန်ထားရစ်ခဲ့တယ်ဆိုတဲ့ ဇာတ်လမ်းရှိခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ခွေးထိန်းကျောင်းပေးတဲ့အဖွဲ့က ထိန်းသိမ်းစောင့်ရှောက်စီမံပေးခဲ့ပြီး ဂန်သာမျိုးဆက်တွေကို အမွေတွေ အဆင့်ဆင့် လက်ဆင့်ကမ်းပေးလာခဲ့တာပါ။

စတုန်းရန်းပေ ၅၁၀၀၀ ကျယ်ဝန်းတဲ့ အီတလီစတိုင် ဒီဗီလာကို ၂၀၀၀ခုနှစ်က ခွေးထိန်းကျောင်းပေးတဲ့အဖွဲ့ဟာ အဆိုတော်မက်ဒေါးနာဆီကနေ ဒေါ်လာ ၇.၅ သန်းနဲ့ ဝယ်ယူခဲ့တာပါ။ ၁၉၂၈ခုနှစ် ကဆောက်လုပ်ခဲ့တဲ့ ကျယ်ဝန်းလှတဲ့ ဒီအိမ်ကြီးမှာ အိပ်ခန်း (၉) ခန်း၊ ရေချိုးခန်း (၈) ခန်းနဲ့ အပြင်ဘက် ရေကူးကန်တစ်ခု ပါဝင်ပြီး Biscayne ပင်လယ်အော်ရှုခင်းတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီအိမ်ကြီးက အမေရိကန်နိုင်ငံမှာ ဂုဏ်သိက္ခာရှိတဲ့လူချမ်းသာအသိုင်းအဝိုင်းမှာ တည်ရှိပြီး အိမ်ရာ ၆ ခုအထဲကမှ တစ်ခုလည်းဖြစ်ပါတယ်။

လက်ရှိ အိမ်ကြီးကို Ruthie and Ethan Assouline of The Assouline Team အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှာ စာရင်းသွင်းထားပါတယ်။ အိမ်ကြီးရဲ့ပိုင်ရှင်က ခွေးတစ်ကောင်ဖြစ်တယ်လို့ ပြောတော့ မယုံကြည်နိုင်ဖြစ်ခဲ့ရတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရဲ့ ရူသီ (Ruthie) က ဆိုပါတယ်။ “ကျွန်မတို့ မရေတွက်နိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အိမ်တွေကို ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒါက ပထမဆုံးပါပဲ။ ခွေးထိန်းကျောင်းတဲ့အဖွဲ့က ပထမဆုံး ဒီအိမ်ကြီးကို ခွေးတစ်ကောင်ပိုင်ဆိုင်တယ်လို့ ပြောတဲ့အချိန် ကျွန်မ မယုံကြည်နိုင်ခဲ့ဘူး။ ဒီအိမ်ကြီးက တော်ဝန်ထန်းပင်တွေ စီတန်းထားတဲ့ ကျယ်ဝန်းလှတဲ့ မြေကွက်ပေါ်မှာ တည်ရှိပြီး စိမ်းလန်းစိုပြေတဲ့ ရှုခင်းတွေအပြင် ရင်သပ်ရှုမောဖွယ် ပင်လယ်အော်မြင်ကွင်းတွေလည်း ပြသနေတာပါ”လို့ ဆိုပါတယ်။

ရူသီက ဂန်သာ (VI) နဲ့ ပထမဆုံးတွေ့ဆုံမိချင်းမှာပဲ ဂန်သာ (VI) နဲ့ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ “ဂန်သာ (VI) နဲ့ ကျွန်မတို့ ပထမဆုံးတွေ့ဆုံမိတဲ့အချိန်အတောအတွင်းမှာ သူက ပြေးလာပြီး ကျွန်မကို ပွေ့ဖက်ပြီး နမ်းတယ်။ ကျွန်မရဲ့နှုတ်ခမ်းနီတွေကိုလည်း လျှာနဲ့လျက်ပစ်ခဲ့တယ်။ ဒါက သဘောတူညီချက်ကို တံဆိပ်ရိုက်နှိပ်လိုက်တယ်လို့ဆိုရမှာပါပဲ”လို့ ရူသီက ပြောပါတယ်။

ဂန်သာ (VI) က သီးသန့်ဂျက်လေယာဉ်တွေ၊ ရွက်လှေတွေနဲ့ ခရီးသွားရတဲ့ ငွေကြေးအကုန်များတဲ့လူနေမှုပုံစံကို နှစ်သက်တယ်လို့ သိရပါတယ်။

Ref: Ladbible “Mansion Belonging To World’s Richest Dog Goes On The Market For $32 Million”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top