မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့ချပေးနိုင်တဲ့ အိမ်မှုကိစ္စများ

22-9-2021-yyl4.jpg

မှတ်ဉာဏ်ချို့ယွင်းတာက ကမ္ဘာတစ်ဝှမ်းမှာ နှစ်တိုင်း အသက်ကြီးပိုင်းလူသန်းချီ ခံစားရတဲ့ နာတာရှည်စိတ်ကျန်းမာရေးအခြေအနေတစ်ခုပါ။ မှတ်ဉာဏ်၊ စဉ်းစားတွေးခေါ်မှုတွေပေါ် သက်ရောက်နေတဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့လက္ခဏာရပ်တွေက လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝကို ပြင်းပြင်းထန်ထန်ထိခိုက်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့အခြေအနေကို ဖြစ်မလာအောင် ရပ်တန့်ပစ်နိုင်မယ့် နည်းလမ်းမရှိသလို ကုသနိုင်တဲ့နည်းလမ်းလည်းမရှိပါဘူး။ ဆေးဝါးအကူအညီ၊ ဆေးကုသမှုနဲ့ ကုထုံးများနဲ့သာ ဒီကျန်းမာရေးအခြေအနေကို ထိန်းထားနိုင်ပါတယ်။ ဒါပေမဲ့ ငယ်ရွယ်နုပျိုတဲ့ အရွယ်ကတည်းက အသက်ကြီးလာရင် မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို ဖြတ်တောက်လို့ရနိုင်ပါတယ်။ အိမ်အလုပ်တွေလုပ်ပြီး လှုပ်လှုပ်ရှားရှားနေတာက နောက်ပိုင်းဖြစ်လာနိုင်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။

လေ့လာချက်အရ သန့်ရှင်းရေးလုပ်တာ၊ အပင်စိုက်ပျိုးတာတွေလို အိမ်အလုပ်တွေက မှတ်ဉာဏ်ချို့ယွင်းနိုင်ခြေကို လျော့နည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။ အိမ်အလုပ်တွေကို လုပ်ပေးတာက ဉီးနှောက်ပမာဏကို ပိုပြီးကြီးလာအောင် ကူညီပေးနိုင်ပါတယ်။ အိမ်မှုကိစ္စတွေလုပ်တဲ့သူတွေက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့သူတွေနဲ့ယှဉ်ရင်တောင် ဉီးနှောက်ပမာဏပိုကြီးမားကြပါတယ်။ Neurology ဂျာနယ်မှာ ပါတဲ့ လေ့လာချက်တစ်ခုက ဖော်ပြထားတဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို လျော့ချပေးနိုင်တဲ့ အထိရောက်ဆုံး အိမ်အလုပ်တွေကတော့

အိမ်သန့်ရှင်းရေးလုပ်ခြင်း

အိမ်သန့်ရှင်းရေးလုပ်တာနဲ့ စိတ်ကျန်းမာရေးကြားမှာ ဆက်စပ်မှုရှိပါတယ်။ သင့်ပတ်ဝန်းကျင်က နေရာနဲ့ သင့်အိမ်ကို သန့်ရှင်းရေးလုပ်တာက စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု၊ စိတ်ဓာတ်ကျတဲ့ လက္ခဏာရပ်တွေကို နည်းပါးအောင် ကူညီပေးနိုင်ပါတယ်။ အိမ်သန့်ရှင်းရေးလုပ်တာက ဉီးနှောက်က Endorphin ဟော်မုန်းကို ထုတ်လွှတ်ပေးပြီး စိတ်ခံစားချက်ကောင်းစေပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းတိုးတက်စေပြီး စိတ်ကြည်စေပါတယ်။

သေသေသပ်သပ်သိမ်းဆည်းခြင်း

သင် နေတဲ့နေရာကို ရှုပ်ပွအောင်ထားတာက စိတ်ဓာတ်ကျခြင်းရဲ့လက္ခဏာရပ်ကို ပိုပြီးဆိုးရွားလာစေနိုင်တယ်လို့ လေ့လာချက်က ဆိုထားပါတယ်။ ဒါ့အပြင် အာရုံစိုက်နိုင်စွမ်းအားနည်းလာစေတယ်။ စိတ်ရှုပ်ထွေးလာစေတယ်။ စိတ်ခံစားချက်ပြင်းထန်လာစေတယ်။ သင့်အနီးနားမှာ သေသေသပ်သပ်ရှင်းရှင်းလင်းလင်းထားတာက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအားတိုးစေပြီး စိတ်ဖိစီးမှုကိုလည်း လျော့ချနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတဲ့လူတွေအတွက် အိမ်ကို ရှုပ်ပွမအောင် သေသေသပ်သပ်သိမ်းဆည်းတာက အာရုံစူးစိုက်နိုင်အောင် ကူညီပေးပြီး စိတ်အတက်အကျမြန်တာကိုလည်း လျော့ချပေးနိုင်ပါတယ်။

ချက်ပြုတ်ခြင်း

ချက်ပြုတ်တာက နေ့စဉ်လုပ်ကိုင်ရတဲ့ တာဝန်တစ်ခုပါပဲ။ ဉီးနှောက်ကျန်းမာအောင် ဉီးနှောက်ကို လှုံံ့ဆော်ပေးနိုင်တဲ့ လှုပ်ရှားမှုလည်းဖြစ်ပါတယ်။ ဒီအိမ်အလုပ်က ဉီးနှောက်ရဲ့ ရှေ့ဘက်ခြမ်းကို သန်မာစေပြီး အဲဒါနဲ့ဆက်စပ်တဲ့လုပ်ဆောင်ချက်တွေအားလုံးကို တိုးတက်စေပါတယ်။ ဟင်းလျာတွေပေါ်မှာ အလေးထားချက်ပြုတ်နေတာ အာရုံစူးစိုက်နိုင်စွမ်းအားတိုးစေပြီး ဉီးနှောက်လုပ်ဆောင်ချက်ကောင်းစေပါတယ်။

အပင်စိုက်ပျိုးခြင်း

သဘာဝတရားနဲ့ အချိန်ကုန်တာက စိတ်၊ ခန္ဓာကိုယ်တို့ကို နုပျိုလန်းဆန်းအောင် ကူညီပေးနိုင်ပါတယ်။ အပင်စိုက်ပျိုးရင် အချိန်ကုန်တာက စိတ်ဖိစီးမှုကို လျော့ချပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းစေပြီး အခြားသူတွေနဲ့လည်း ကောင်းတဲ့ဆက်ဆံရေးကို ဖန်တီးပေးနိုင်ပါတယ်။ ဒါ့အပြင် နေရောင်အောက်မှာ အချိန်ခဏကုန်ဆုံးတာကလည်း စိတ်ခံစားချက်ကောင်းစေပြီး စိတ်တည်ငြိမ်စေပါတယ်။

လေးလံတဲ့အိမ်အလုပ်တွေ

ကြမ်းတိုက်တာ၊ ပန်းကန်ဆေးတာ၊ အဝတ်လျှော်တာလို အိမ်အလုပ်ကြီးကြီးမားမားတွေကလည်း စိတ်ကျန်းမာရေးမှာ ကောင်းတဲ့အကျိုးသက်ရောက်မှုရှိပါတယ်။ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ ဆက်စပ်တဲ့ စိတ်ဓာတ်ကျခြင်းလက္ခဏာရပ်တွေလျော့နည်းအောင် ကူညီပေးနိုင်ပါတယ်။ စိတ်ခံစားချက်ကောင်းစေပြီး စိတ်မကျေနပ်ဖြစ်တာတွေကို လျော့ချပေးနိုင်ပါတယ်။ ဒါပေမဲ့ အရိုးအဆစ်၊ အဆစ်အမြစ်ပြဿနာရှိတဲ့သူတွေက လေးလံတဲ့ အိမ်အလုပ််တွေကို ရှောင်ကျဉ်သင့်ပါတယ်။

Ref: Performing these 5 household chores can reduce the risk of dementia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top