တရုတ်တင်းနစ်မယ် ဖန်းရွှေ ပို့ခဲ့တယ်ဆိုတဲ့ အီးမေးလ်ကို အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် အကြီးအကဲက သံသယရှိနေပြီး ဖန်းရွှေရဲ့လုံခြုံရေးအတွက် ပိုစိုးရိမ်မိတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းကို လိင်စော်ကားမှုနဲ့ စွပ်စွဲထားတဲ့ ဖန်းရွှေ ဘယ်နေရာမှာ ရှိနေလဲဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေကြပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာတော့ တရုတ်နိုင်ငံပိုင် CGTN ရုပ်သံလိုင်းက ဖန်းရွှေ ပို့ခဲ့တယ်ဆိုတဲ့ အီးမေးလ်တစ်စောင်ကို ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီအီးမေးလ်ထဲမှာ ဖန်းရွှေ ကျန်းမာရေးကောင်းပြီး ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင်ဟောင်းအပေါ် စွပ်စွဲမှုတွေကို ပြန်ရုပ်သိမ်းသယောင် ရေးသားထားပါတယ်။ အဲဒီအီးမေးလ်ကို အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အမှုဆောင်ချုပ် စတိဗ်ဆိုင်မွန်ထံ ပေးပို့ခဲ့တာလို့ CGTN သတင်းဌာနက ဖော်ပြပါတယ်။ ဒါပေမဲ့ အဲဒီအီးမေးလ်က ဖန်းရွှေ တကယ်ရေးခဲ့တာ ဟုတ်၊ မဟုတ် သံသယရှိတယ်လို့ စတိဗ်ဆိုင်မွန်က ပြောပါတယ်။
ဖန်းရွှေဟာ တရုတ်နိုင်ငံရဲ့ အထင်ရှားဆုံး တင်းနစ်ကြယ်တစ်ပွင့်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ တရုတ်ဒုတိယဝန်ကြီးချုပ်ဟောင်း ကျန်းကောင်းလီက သူ့ကို အိမ်ခေါ်သွားပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ နိုဝင်ဘာလ ၂ ရက်မှာ ဖန်းရွှေက Weibo လူမှုကွန်ရက်ပေါ် ရေးသားခဲ့ပါတယ်။ အဲဒီပို့စ်ဟာ မိနစ် ၃၀ အတွင်း ဖုတ်ချခံရပြီး ဖန်းရွှေလည်း အဲဒီအချိန်ကတည်းက ပျောက်ဆုံးနေခဲ့တာပါ။ အဲဒီအချိန်ကစပြီး ထောက်ခံအားပေးသူ ၅ သိန်းကျော်ရှိတဲ့ သူ့ရဲ့ Weibo အကောင့်ကိုလည်း ရှာမရတော့ပါဘူး။
လက်ရှိအချိန်မှာ တင်းနစ်လောကရဲ့ ထင်ပေါ်ကျော်ကြားသူတွေက ဖန်းရွှေအတွက် စိုးရိမ်ပူပန်နေကြပြီး ဘေးကင်းလုံခြုံစွာ ရှိပါစေလို့ ဆုတောင်းပေးထားကြပါတယ်။ အဲဒီသူတွေထဲမှာ နာအိုမီအိုဆာကာ၊ ဂရန်းစလင်းဆုဖလား ၃၉ ကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ဘီလီဂျန်ကင်း၊ ကမ္ဘာ့အဆင့် (၁) တင်းနစ်မယ်ဟောင်း ခရစ်အီဗတ်တို့ ပါဝင်ပါတယ်။
တရုတ်အစိုးရအနေနဲ့ ဖန်းရွှေရဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးပေးဖို့ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်က တိုက်တွန်းခဲ့ပါတယ်။ အသက် ၇၅ နှစ်အရွယ်ရှိတဲ့ ကျန်းကောင်းလီဟာ သမ္မတရှီကျင့်ဖျင်ရဲ့ ပထမသက်တမ်းဖြစ်တဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားကာလအတွင်း အာဏာရကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဥသျှောင်အဖွဲ့ (Politiburo Standing Committee)မှာ ပါဝင်ခဲ့သူပါ။ သူဟာ ၂၀၁၈ ခုနှစ်မှာ ဒုတိယဝန်ကြီးချုပ်ရာထူးကနေ အနားယူခဲ့ပါတယ်။
ကျန်းကောင်းလီနဲ့ သူ့ကြားမှာ ပြတ်လိုက်၊ ပြန်ဆက်လိုက် ဆက်ဆံရေးမျိုးဟာ အနည်းဆုံး ၁၀ နှစ်လောက် ကြာမြင့်ခဲ့တယ်လို့ ဖန်းရွှေက ဆိုပါတယ်။ ” ရှင် ကျွန်မဆီ ဘာလို့ ပြန်လာရတာလဲ။ ကျွန်မကို ဘာလို့ ရှင့်အိမ်ခေါ်သွားပြီး အတင်းအဓမ္မပြုကျင့်ခဲ့တာလဲ” လို့ ဖန်းရွှေက ရေးသားခဲ့တာပါ။ ဒါပေမဲ့ ကျန်းကောင်လီက အသံဖမ်းတာ၊ မှတ်တမ်းတင်တာမျိုးလုပ်မှာကို အမြဲစိုးရိမ်တကြီး စောင့်ကြည့်နေလို့ စွပ်စွဲချက်တွေအတွက် သက်သေအထောက်အထားပြစရာ မရှိဘူးလို့ ဖန်းရွှေက ဆိုပါတယ်။
Ref: CNN ” Women’s Tennis cast doubt on alleged email from tennis star Peng Shuai amid worry over her whereabouts”
Nz (ရိုးရာလေး)

