ဒူဘိုင်းကသန့်ရှင်းရေးသမားလေး လမ်းပေါ်မှာ အသည်းပုံရေးဆွဲရခြင်းနောက်ကွယ်က အကြောင်းအရင်း

29-7-2002-yyl-012.jpg

မိသားစုကို ထားရစ်ကာ မွေးရပ်မြေကနေ စွန့်ခွာပြီး အခြားမြို့၊ အခြားနိုင်ငံမှာ အလုပ်သွားလုပ်ကြရတဲ့လူတွေဟာ တစ်ခါတလေ အထီးကျန်သလို၊ အိမ်ကို လွမ်းသလို ခံစားရတတ်ပါတယ်။ အဲဒီလိုခံစားချက်ကို အခြားမြို့၊နိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူတိုင်း ခံစားမိကြမယ်ထင်ပါတယ်။ ဒီအိန္ဒိယလူမျိုးသန့်ရှင်းရေးသမားကလည်း မိသားစုကို လွမ်းတဲ့ခံစားချက်ကို ချစ်စရာကောင်းတဲ့ပုံစံနဲ့ ထုတ်ပြထားပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် သူဟာ သန့်ရှင်းရေးလုပ်ရင်း တံမြက်စည်း၊ သစ်ခက်၊ သစ်ရွက်ခြောက်တွေကို အသုံးပြုပြီး လမ်းမထက်မှာ အသည်းပုံရေးဆွဲခဲ့တာပါပဲ။ အသည်းပုံရေးဆွဲနေတဲ့သူ့ရဲ့ပုံကို သတင်းဌာနတစ်ခုက ဒူဘိုင်းမြို့လယ်ခေါင်မှာ အလှတရားကို ပုံဖော်နေတဲ့ အမည်မသိအမျိုးသားနဲ့ပတ်သက်ပြီး အရမ်းကဗျာဆန်တဲ့အရာတစ်ခုခုရှိပါတယ်ဆိုတဲ့စာသားနဲ့ တင်ခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အဲဒီပုံရဲ့နောက်ကွယ်မှာ အကြောင်းအရင်းရှိပါတယ်။

Khaleej Times ရဲ့သတင်းအရ အဲဒီအမျိုးသားက အသက် (၃၀) အရွယ် ရာမက်ချ် ဂန်ဂါရာဂျန် ဂန်ဒီ ဖြစ်ပြီး ဒူဘိုင်းကုမ္ပဏီမှာ သန့်ရှင်းရေးဝန်ထမ်း လုပ်ကိုင်နေတယ်ဆိုတာပါပဲ။ သူက သစ်ရွက်ခြောက်တွေကို လှည်းကျင်းတဲ့ တစ်နေ့တာအလုပ်ကို လုပ်နေရင်း မြေပြင်မှာ အသည်းပုံရေးဆွဲဖြစ်ခဲ့တာပါ။ ရာမက်ချ်က ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ လက်ထပ်ပြီး စက်တင်ဘာလမှာ အလုပ်လုပ်ဖို့အတွက် UAE ကို ရောက်လာခဲ့ပါတယ်။ အဲဒါကြောင့်ပဲ ဇနီးနဲ့မိသားစုကို လွမ်းတဲ့အတွက် အသည်းပုံရေးဆွဲခဲ့တာလို့ သိရပါတယ်။ “ကျွန်တော်ရဲ့ဇနီး၊ မိသားစုကို လွမ်းနေတယ်။

အခြားသူတွေ ကျွန်တော့်ကို ကြည့်နေတာ ကျွန်တော်မသိခဲ့ဘူး။ အွန်လိုင်းမှာ ပုံမြင်တော့ ကျွန်တော်အရမ်း အံ့အားသင့်ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ခံရတဲ့နေ့က ကျွန်တော် အိမ်အကြောင်း တွေးနေတာ။ မိသားစုတွေ ဘာလုပ်နေလဲ။ ဘယ်လိုနေကြလဲဆိုပြီး ကျွန်တော် တွေးတောမိနေတာပါ။ ကျွန်တော့်ဇနီးကိုလည်း ပိုလွမ်းမိပါတယ်။ ကျွန်တော့်ဇနီးနဲ့ (၁) လပဲ အတူနေခဲ့ရတာပါ။ အခု သူက ကျွန်တော့်မိဘတွေနဲ့အတူ နေပါတယ်။ ကျွန်တော် ဒူဘိုင်းကနေ အလုပ်ကမ်းလှမ်းချက်ရတော့ ချက်ချင်းပဲ အိမ်ကနေ ထွက်သွားခဲ့ရပါတယ်။ ဒါကြောင့် အိမ်ထောင်သည်ဘဝကို အရမ်းအကြာကြီး မပျော်ရွှင်ခဲ့ရဘူး”လို့ ရာမက်ချ်က ပြောပါတယ်။

သူ့အဖေက လူကြီးရောဂါကြောင့် နေမကောင်းဖြစ်နေသလို အသက်ကြီးနေပြီဖြစ်တဲ့ သူ့မိဘတွေအတွက် စိတ်မအေးကြောင်းနဲ့ သူတို့ဆီ အလည်သွားနိုင်ဖို့ မျှော်လင့်နေကြောင်းလည်း ရာမက်ချ်က ထုတ်ပြောခဲ့ပါတယ်။ “ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ရိုက်ခတ်မှုကို လူတိုင်းကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ လွတ်လွတ်လပ်လပ်ခရီးထွက်လို့မရတော့ဘူး။ မိသားစုနဲ့မိတ်ဆွေသူငယ်ချင်းတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတိုင်းစိတ်ပူကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မိသားစုဝင်တွေ တစ်ယောက်မှ COVID-19 ကူးစက်မခံရပေမယ့် ကျွန်တော့်အဖေက အတော်လေးနေမကောင်းဖြစ်နေပါတယ်။ အခုတော့ ခရီးသွားဖို့က နည်းနည်းတော့ လွယ်ကူလာပါပြီ။ ဒါကြောင့် ကျွန်တော့်မိသားစု၊ ကျွန်တော့်ဇနီးတို့နဲ့ အတူတူနေနိုင်ဖို့အတွက် ကျွန်တော် အိန္ဒိယကို သွားတော့မှာပါ။ မကြာခင် ကျွန်တော့်မိသားစုကို မြင်တွေ့ရတော့မှာကို သိရဖို့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်”လို့ ရာမက်ချ်က ပြောပါတယ်။

ရာမက်ချ်က အသည်းပုံကို ဝမ်းနည်းပြီး ရေးဆွဲခဲ့တာမဟုတ်ဘဲ သူ့ဇနီးနဲ့မိသားစုတို့ကို တွေ့ရတော့မှာကို စိတ်လှုပ်ရှားပြီး စိတ်မအေးနိုင်ဖြစ်ကာ ရေးဆွဲခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ရာမက်ချ် အသည်းပုံဆွဲနေတဲ့ ပုံက လူမှုကွန်ယက်မှာ တော်တော်ပျံ့နှံ့သွားခဲ့တာပါ။ ရာမက်ချ်အကြောင်းကို သိသွားခဲ့တဲ့ ဒူဘိုင်းရဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက သူ့ကို ပံ့ပိုးထောက်ပံ့တဲ့အနေနဲ့ လက်ဆောင် ပေးပို့ခဲ့တယ်လို့လည်းသိရပါတယ်။

Ref: Worker In Dubai Draws Heart On Ground Because He Misses His Wife & Family, Wins Hearts Everywhere

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top