ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်အစိုးရ၏ ၂၀၂၀ ပြည့်နှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ

29-7-2002-yyl-017.jpg

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ ၂၀၂၀ ပြည့်နှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်ကြီး၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ပဓာနနာယကဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား မစတင်မီ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သာသနာ့ဗိမာန်တော်အတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ဆွမ်း၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးများ ဆက်ကပ်လှူဒါန်းသည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ဗန်းမော်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွားသရဇ္ဈာယ်တော် မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ ထံ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ကမ္မဆရာတော် ဘဒ္ဒန္တစိတြဉာဏ ထံ လည်းကောင်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိုင်းသောက်ဆရာတော် ဘဒ္ဒန္တသုမင်္ဂလာဘိဝံသ ထံ လည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓမ္မရောင်ခြည် ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မ ထံ လည်းကောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်က နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မိတ္ထီလာဆရာတော် ဘဒ္ဒန္တကောဝိဒ ထံ လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက နိုင်ငံတော် ဩဝါဒါစရိယ ဈေးကုန်းဆရာတော် ဘဒ္ဒန္တ ကဝိသာရထံ လည်းကောင်း၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျိုက္ခမီဆရာတော် ဘဒ္ဒန္တ နန္ဒသာရ ထံ လည်းကောင်း၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မော်ကျွန်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စိန္တိတာလင်္ကာရထံလည်းကောင်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ပြည်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ ထံလည်းကောင်း ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ကြီးများနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်များထံ ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်း ဆရာတော်ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဧည့်ပရိသတ် များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်တော်အကြီးအကဲများက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

Credit – Myanmar President Office

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top