ပြတ်သွားတဲ့ အဆက်ဟောင်း (ex) နဲ့အလုပ်သဘောအရ ဘယ်လိုဆက်ပြီး ဆက်ဆံမလဲ

48365046_318080565709140_796292202308304896_n.jpg

ပြတ်သွားပြီးတဲ့ ex နဲ့တစ်နေရာထဲမှာ အလုပ်လုပ်တူတူလုပ်နေရတာ နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် ရူးကြောင်ကြောင်နိုင်တယ်လို့ထင်တယ် မဟုတ်လား။ ကိုယ်ရှိနေတဲ့ အလုပ်ကို အဲဒီ ex ကရောက်လာခဲ့လို့ပဲဖြစ်ဖြစ်၊ အစထဲက အတူတူအလုပ်လုပ်နေရင်း၊ တွဲနေရင်းနဲ့မှ ပြတ်သွားလို့ပဲဖြစ်ဖြစ် ဘယ်လိုနေရမယ်၊ ထိုင်ရမယ်မှန်းမသိဖြစ်နေရင်တော့ ဒီဆောင်းပါးလေးဟာ အဲဒီလိုသူတွေအတွက် သီးသန့်ရည်စူးပြီးရေးပေးထားတဲ့ ဆောင်းပါးလို့သာမှတ်လိုက်ပါတော့။

၁။ အလုပ်မှာပဲ အာရုံစိုက်ပါ
လိမ္မာရင်တော့ အမြတ်ချည်းပါပဲ။ အစထဲက ပြီးသွားပြီလို့ သတ်မှတ်ထားတဲ့ ဆက်ဆံရေးဖြစ်တာရယ်ကြောင့် ဟိုလိုလိုဒီလိုလိုနဲ့ ဘာမှပေရှည်နေစရာမလိုတော့ပါဘူး။ ဆိုတော့ လုပ်ငန်းခွင်မှာ ex နဲ့အတူတူအလုပ်လုပ်မယ်ဆို သူ့ကြောင့်အာရုံမစားစေဖို့ရာ အလုပ်ကိုသာအာရုံစိုက်ထားပါ။ အလုပ်ကို ပိုအာရုံစိုက်ထားလေလေ ကိုယ့်ရဲ့အောင်မြင်မှုလမ်းကြောင်းက မြင့်လာလေလေပါ။ ဒါကြောင့် သူ့ကိုအာရုံမထားပါနဲ့။ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုသာ အကောင်းဆုံးပြီးဆုံးအောင် လုပ်ပေးလိုက်ပါ။

၂။ ဂရုမစိုက်ပါနဲ့
ဘယ်လိုပဲ ဂရုမစိုက်နဲ့လို့ပြောပြော ကိုယ်ကရူးနေတဲ့သူ၊ အတိတ်မေ့နေတဲ့သူလည်း မဟုတ်တော့ အတိတ်တွေဆိုတာက ဖျောက်ဖျက်လို့ရတဲ့အရာထဲမှာ ပါမှာမဟုတ်ပါဘူး။
ဆိုပေမဲ့ ကိုယ့်အထာနဲ့သာ ကိုယ်နေပါ။ ပြုံးမြဲပြုံးထားပါ။ အလုပ်ကလူတွေနဲ့လည်း စကားပြောပေးပါ။ ကိုယ့်ပုံစံအတိုင်းရှင်သန်ပါ။ ကိုယ်ဘာခံစားနေရတယ်ဆိုတာကို မပြသပါနဲ့။ အလုပ်ထဲကို ခံစားချက်တွေသယ်မသွားပါနဲ့။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာခွဲထားပါ။ ထပ်ပြောပါမယ်။ ဂရုမစိုက်ပါနဲ့။

၃။ ဘော့စ်ကိုအသိပေးထားပါ
အတတ်နိုင်ဆုံးတော့ သူ့ကိုရှောင်ပြီးလုပ်နေတာပဲ။ ဒါပေမဲ့ အထက်လူကြီးကခိုင်းလာတဲ့ အခါမျိုးကျရင်တော့ ကျွန်တော်/ကျွန်မက သူနဲ့အတူတူ အလုပ်လုပ်မလုပ်ချင်လို့ပါလို့ ငြင်းလို့မရတော့ပါဘူး။ ဒါကြောင့် ဘောစ့်ကိုလည်းအသိပေးထားပါ။ ကိုယ့်ရဲ့ခံစားချက်တွေအားလုံးကိုအိတ်သွန်ဖာမှောက်ပြောပြတာမျိုးမဟုတ်ဘဲ “ကိုယ်ကတော့သူနဲ့တွဲခဲ့ဖူးတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတော့မရှိခဲ့ဘူးပေါ့။” ဒီလောက်ဆိုလုံလောက်ပါပြီ။ သူလည်းလူကြီးပဲ။ ဒီလောက်တော့ နားလည်ပါတယ်။

၄။ စိတ်ရှင်းရှင်းထားပါ
ကိုယ့်ရဲ့ကြည်လင်နေတဲ့စိတ်ကို သူ့ကြောင့်အရှပ်ထွေးမခံပါနဲ့။ ex က ကိုယ့်ဘောစ့်ဖြစ်နေတဲ့အခါမျိုးမှာ၊ အထက်လူကြီးဖြစ်နေတဲ့အခါမျိုးမှာနဲ့ အဖွဲ့အစည်းတစ်ခုထဲမှာ အလုပ်တူတူလုပ်နေရတဲ့အခါမှာဆို ဒီအခြေအနေမျိုးက ပိုဆိုးပါတယ်။ ရှောင်လွှဲလို့လည်းမရပါဘဲ ကိုယ့်နေ့စဉ်ဘဝထဲမှာ ပါနေလေတော့ ပိုပြီးအာရုံနောက်ရမှာပါ။
ဒါကြောင့် ဘာကိုမှမလုပ်ခင်၊ ရုံးမသွားခင်၊ သူ့မျက်နှာကြီးကို မတွေ့ခင် ကိုယ့်ကိုယ်ကိုယ်အရင်ဆုံး သတိပေးလိုက်ပါ။ ex က ex။ အလုပ်ကအလုပ်ပါပဲ။ ကိုယ်တန်ဖိုးထားတဲ့အချိန်တွေ၊ ဝါသနာတွေ၊ အလုပ်တွေကို သူ့ကြောင့်မရောထွေးသွားပါစေနဲ့။ ကိုယ့်အရည်အသွေးကိုသာ သွေးပြီးရင်းသွေးနိုင်အောင် ကြိုးစားပါ။

၅။ သူနဲ့လည်း စကားပြောပေးပါ
ပြီးဆုံးသွားပြီလို့ သတ်မှတ်ထားတာကြောင့် ဘာမှတွန့်ဆုတ်နေစရာမလိုတော့ပါဘူး။ တခြားသူတွေလိုပဲ သူ့ကိုလည်းစကားပြောပေးပါ။ ပေါ့ပေါ့ပါးပါးဆက်ဆံပေးပါ။ အလုပ်ဆိုတာ ရွေးချယ်လို့ရတဲ့ အရာမဟုတ်ကြောင်းနဲ့ အတိတ်ဆိုတာ ရှောင်လွှဲလို့ရတဲ့အရာမဟုတ်မှန်း သင်ရော၊ သင့် ex ရော နားလည်ထားဖို့လိုပါတယ်။ အကယ်၍ သင့် ex ကအတော်အတန် ရင့်ကျက်နေပြီးသားသူဆိုရင်တော့ ဒီအခြေအနေကို နားလည်ပြီး အလုပ်ကိုသာ အကောင်းဆုံးအာရုံစိုက်နိုင်မှာပါ။ အကယ်၍သူက မရင့်ကျက်သေးဘူးဆိုရင်တော့ သင်ကသာ နားလည်ပေးလိုက်ပါ။

Ref: pairedlife.com “Working With an Ex: How to Work With an Ex Girlfriend, Boyfriend, Husband or Wife”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top