ဝယ်လာတဲ့ အဝတ်အစားအသစ်တွေကို လျှော်ဖွတ်ပြီးမှ ဝတ်သင့်တဲ့အကြောင်းအရင်း

18-9-2020-yyl-040.jpg

ဆိုင်က ဝယ်လိုက်တဲ့အဝတ်အစားအသစ်တွေကို အရင်ဆုံး မလျှော်ဖွတ်ဘဲနဲ့ တန်းဝတ်ဖြစ်နေလား။ မလျှော်ဘဲ တန်းဝတ်ဖြစ်နေတယ်ဆိုရင်တော့ ဒီလိုလုပ်နေတာကို ရပ်တန့်ပစ်ဖို့ ပြောချင်ပါတယ်။ တကယ်တော့ ဆိုင်မှာ ရောင်းနေတဲ့ အဝတ်အစားအသစ်ဖြစ်ပေမယ့်လည်း လုံးဝစိတ်ချယုံကြည်လို့မရပါဘူး။ အဝတ်အစားအသစ်တွေကလည်း အရေးပြားနဲ့ဆက်စပ်တဲ့ပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ အဝတ်အစားအသစ်ကလည်း အရေပြားကူးစက်ရောဂါတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှား၊ ဘတ်တီးရီးယားတွေကို ကူးစက်နိုင်မယ့် အခွင့်အရေးများပါတယ်။ အဲဒီလိုပြောရတဲ့အကြောင်းအရင်းကို စာဖတ်ပရိသတ်တွေကို ပြောပြပေးပါမယ်။

အဝတ်အစားအသစ်တွေက ရောဂါပိုးမွှားနဲ့ ရောဂါဘယဖြစ်စေတဲ့အရာပါ

အဝတ်အစားတွေကို စက်ရုံကထုတ်လုပ်ပြီးတဲ့နောက်မှာ စတိုးဆိုင်ကို မရောက်ခင်မှာ ပို့ဆောင်ရေးမျိုးစုံနဲ့ တစ်နေရာကတစ်နေရာကို ထုပ်ပိုးပြီး ပို့ဆောင်ကြရပါတယ်။ အဝတ်အစားကို ဘယ်နေရာမှာ ချုပ်လုပ်ခဲ့တာလဲ၊ ဘယ်နေရာမှာ သိမ်းဆည်းခဲ့တာလဲ၊ ဘယ်လိုတင်ပို့ခဲ့တာလဲဆိုတာကို သေသေချာချာသိရဖို့ ခက်ခဲပါတယ်။ အဲဒီလုပ်ငန်းစဉ်အတွင်းမှာ သင့်ရဲ့အဝတ်အစားအသစ်က ရောဂါဘယဖြစ်စေတဲ့ ပိုးမွှားတွေ၊ ဘတ်တီးရီးယားတွေနဲ့ ထိတွေ့လာနိုင်ပါတယ်။ ဒီပိုးမွှားတွေကို မျက်စိနဲ့ကြည့်ရုံနဲ့ မြင်ရတာမဟုတ်ပါဘူး။ ဒါကြောင့် ဝယ်လာတဲ့အဝတ်အစားသစ်ကို မဝတ်ခင်မှာ လျှော်ဖွတ်ပေးတာအကောင်းဆုံးပါပဲ။

သင့်လက်ထဲမရောက်ခင် လူအများကြီး စမ်းဝတ်ကြည့်ခဲ့ဖူးတယ်

ဖက်ရှင်ဆိုင်တွေက အဝတ်အစားတွေကို ခင်းကျင်းပြသထားကြပါတယ်။ ခင်းကျင်းပြသထားတဲ့အထဲ အဝတ်အစားတွေကို လူတွေက သူတို့နဲ့ လိုက်မလိုက်သိရဖို့အတွက် စမ်းဝတ်ကြည့်ကြပါတယ်။ ဝတ်ကြည့်လို့ သူ့နဲ့ လိုက်မှသာ ဝယ်ဖြစ်ကြပါတယ်။ ကျွန်တော်တို့ အဝတ်အစားတွေကို ဝယ်တဲ့အခါ အဲဒီအဝတ်အစားတွေကို လူဘယ်နှစ်ယောက်လောက်တောင် စမ်းဝတ်ကြည့်ထားလဲဆိုတာ မသိနိုင်ပါဘူး။ သူတို့အရေပြားက ပိုးမွှားတွေက သင် ဝယ်ပြီးဝတ်မယ့်အဝတ်အစားပေါ်မှာ ရှိနေနိုင်ပါတယ်။ ဒါက အရေပြားယားယံတာနဲ့ အသားရေနီးမြန်းတာတွေဖြစ်လာစေနိုင်ပါတယ်။

အဝတ်အစားတွေရဲ့အရောင်မှာ ဓာတုပစ္စည်းတွေ အသုံးပြုထားတယ်

အဝတ်အထည်တွေပြုလုပ်တဲ့အခါ အထည်တွေကို အရင်ဆုံး အရောင်တွေဆိုးဖို့အတွက် ဓာတုပစ္စည်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ အဲဒီဓာတုပစ္စည်းတွေနဲ့ သင့်အသားရေထိတွေ့တဲ့အခါ အရေပြားယားယံတာ၊ နီမြန်းတာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် ချွေးထွက်တာ၊ အဝတ်နဲ့အသားရေပွတ်တိုက်မိတာကလည်း အဝတ်အစားမှာဆိုးထားတဲ့ဓာတုပစ္စည်းတွေ အရောင်ပြန့်သွားစေနိုင်ပြီး အရေပြားနဲ့ ဓာတ်မတည့်တာတွေဖြစ်နိုင်ပါတယ်။

အဝတ်အစားအသစ်ကို မလျှော်ဘဲ ဝတ်တာက ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေကို မကြုံရနိုင်ပေမယ့် အရေပြားမှာ အနီကွက်ဖြစ်တာ၊ ယားယံတာတွေက နည်းနည်းတော့ စိတ်မသက်မသာဖြစ်စေနိုင်ပါတယ်။ အဝတ်အစားအသစ်ကို မဝတ်ခင် လျှော်ပေးတာကလည်း ကောင်းတဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးပါပဲ။ ဒါ့အပြင် အဝတ်အစားအသစ်တွေက ပိုပြီးယားယံမှုကို ဖြစ်စေတဲ့ချွေးတွေကို မစုပ်ယူနိုင်ပါဘူး။ ကလေးတွေက လူကြီးတွေထက် အသားရေပိုပြီးနူးညံ့တဲ့အတွက် ကလေးတွေအတွက် အဝတ်အစားအသစ်တွေကို ဝတ်မပေးခင် အမြဲတမ်းလျှော်ဖွတ်ပေးသင့်ပါတယ်။

Ref: Here is why you should never wear new clothes without washing them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top