အယ်လ်ဘေးနီးယားနိုင်ငံမှာ ကမ္ဘာ့အကြီးဆုံး ဘူမိအပူစွမ်းအင် ထွက်ရှိတဲ့ မြေအောက်ရေကန်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ချက်နိုင်ငံမှ သိပ္ပံပညာရှင်တွေက ဒီရေကန်ကြီးကို တွေ့ရှိခဲ့တာဖြစ်ပေမဲ့ အယ်လ်ဘေးနီးယား-ဂရိ နယ်စပ်မှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ဒီရေကန်ကြီးကို စစ်ဆေးမှုမလုပ်ရသေးခင်မှာပဲ သိပ္ပံပညာရှင်တွေဟာ အယ်လ်ဘေးနီးယားကနေ စွန့်ခွာသွားခဲ့ရတာပါ။
သူတို့ဟာ လက်စ်ကိုဗစ်မြို့နားမှာ တောင်ခြေကနေ ထွက်ပေါ်နေတဲ့ ရေနွေးငွေ့တွေကို မြင်ရလို့ သွားကြည့်တော့ မြေအောက်အနက် ပေ ၃၃၀ အထိ နိမ့်ဆင်းသွားတဲ့ လျှိုကြီးတစ်ခုကို တွေ့ခဲ့ရပြီး ဆင်းကြည့်ချိန်မှာ ဘူမိအပူစွမ်းအင်ထွက်ရှိတဲ့ မြေအောက်ရေကန်ကြီးကို တွေ့ရှိခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာတော့ ချက်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ နျူရွန်ဖောင်ဒေးရှင်းရဲ့ သုတေသနရန်ပုံငွေ မတည်ပေးမှုနဲ့အတူ အယ်လ်ဘေးနီးယားနိုင်ငံကို ပြန်လာခဲ့ပြီး လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။ မြေအောက်တည်နေရာတွေကို ဖော်ထုတ်မှတ်သားနိုင်တဲ့ LiDAR scanner အပါအဝင် နောက်ဆုံးပေါ် နည်းပညာတွေအသုံးပြုပြီး တိုင်းတာမှုတွေ လုပ်ခဲ့ရာမှာ အလျား ၄၅၄ ပေ၊ အနက် ၁၃၈ ပေရှိပြီး ရေထုထည် ၈၀၀၀ ကုဗမီတာအထိ ရှိတဲ့ ရေကန်ကြီး ဖြစ်နေတာကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအရွယ်အစားအရ ဟန်ဂေရီနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဘူမိအပူစွမ်းအင် ထွက်ရှိရာ မြေအောက်ရေကန်ကြီးထက် ပိုကြီးကြောင်း မှတ်တမ်းဝင်ခဲ့ပါတယ်။
ဘူမိအပူစွမ်းအင် ထွက်ရှိရာ ရေကန်တွေဟာ ရေအလွှာတိုင်းမှာ မတူညီတဲ့ အပူချိန်ရှိပြီး အပူချိန် မတူညီမှုကြောင့် ရေလွှာတစ်ခုချင်းစီရဲ့ သိပ်သည်းဆလည်း မတူညီကြပါဘူး။ ချက်သိပ္ပံပညာရှင်တွေဟာ သူတို့ကို ရန်ပုံငွေမတည်ပေးထားတဲ့ နျူရွန်ဖောင်ဒေးရှင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရေကန်ကြီးကို နျူရွန်ရေကန်လို့ အမည်ပေးခဲ့ကြပါတယ်။
Ref: World’s Biggest Underground Thermal Lake Discovered in Albania
NZ ( ရိုးရာလေး)