ကမ္ဘာ့သက်တမ်းအရင့်ဆုံး သတ္တဝါသုက်ပိုးကို နှစ်သက်တမ်း ၁၀၀ ရှိတဲ့ မြန်မာ့ပယင်းထဲမှာ တွေ့ရှိ

16-9-2020-yyl-009.jpg

ကမ္ဘာ့သက်တမ်းအရင့်ဆုံး သတ္တဝါသုက်ပိုးကို မြန်မာနိုင်ငံရဲ့ ပယင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လန်ဒန်မြို့ ကွင်းမေရီတက္ကသိုလ်နဲ့ တရုတ်နိုင်ငံ နန်ကျင်းသိပ္ပံအကယ်ဒမီရဲ့ သုတေသီတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ က ပယင်းထဲမှာ ပိတ်မိနေတဲ့ အခွံမာရေနေသတ္တဝါငယ်ရဲ့ ခန္ဓာကိုယ်ထဲကနေ အံ့အားသင့်ဖွယ် သုက်ပိုးကို တွေ့ရှိခဲ့တာပါ။

အခုတွေ့ရှိရတဲ့ အခွံမာရေနေသတ္တဝါမျိုးစိတ်ကို သုတေသီအဖွဲ့က Myanmarcypris hui လို့ အမည်ပေးထားပါတယ်။ အဲဒီသတ္တဝါတွေဟာ ပယင်းအတွင်း ပိတ်မိလုဆဲဆဲဖြစ်နေချိန်မှာ မိတ်လိုက်ခဲ့တာ ဖြစ်မယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။ အဲဒီပယင်းကတော့ Cretaceous period ကာလအတွင်း ဖြစ်ပေါ်ခဲ့တာပါ။ ကျောက်ဖြစ်ရုပ်ကြွင်း သုက်ပိုးက တကယ့်ကို ရှားပါးလွန်းပြီး အရင်တုန်းက တွေ့ရှိခဲ့တဲ့ ကမ္ဘာ့ရှေးအကျဆုံး သုက်ပိုးကတော့ နှစ်ပေါင်း ၁၇ သန်း သက်တမ်းရှိပါတယ်။ အခုတွေ့ရှိမှုဟာ သုက်ကောင်ကြီးတွေ ပါဝင်တဲ့ ထူးထူးခြားခြား မျိုးပွားမှုရဲ့ ဆင့်ကဲပြောင်းလဲမှုသမိုင်းကို နားလည်စေနိုင်ပါတယ်။

အခွံမာရေနေသတ္တဝါဟာ နှစ်သန်းပေါင်း ၅၀၀ ကြာ တည်ရှိခဲ့တဲ့ ကျောရိုးမဲ့သတ္တဝါတစ်မျိုးဖြစ်ပြီး ဒီနေ့အချိန်မှာတော့ သမုဒ္ဒရာ၊ မြစ်ချောင်း၊ ကန်တွေမှာ ရှင်သန်ကျက်စားနေတဲ့ မျိုးကွဲပေါင်းထောင်ချီ ရှိပါတယ်။ အခွံမာရေနေသတ္တဝါတွေရဲ့ ကျောက်ဖြစ်အခွံတွေကို မကြာခဏ ပေါပေါများများတွေ့ရလေ့ရှိပေမဲ့ ပယင်းထဲမှာ အကောင်းအတိုင်းရှိနေတဲ့ သုက်ပိုး၊ ကိုယ်တွင်းအင်္ဂါတွေနဲ့ ပြင်ပအင်္ဂါ အစိတ်အပိုင်းတွေ မပျက်မစီးတွေ့ရတာကတော့ ဒီသတ္တဝါတွေရဲ့ ဆင့်ကဲပြောင်းလဲမှုအကြောင်း လေ့လာနိုင်ဖို့ စိတ်လှုပ်ရှားစရာ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။

Cretaceous period ကာလအတွင်း မြန်မာနိုင်ငံမှာ အခွံမာရေနေသတ္တဝါတွေက အပင်တွေ ဝိုင်းရံထားတဲ့ ကမ်းရိုးတန်းရေအိုင်တွေမှာ ရှင်သန်ကျက်စားခဲ့ဖွယ်ရှိပါတယ်။ အခွံမာရေနေသတ္တဝါတွေဟာ အလျား တစ်မီလီမီတာမပြည့်လောက်အောင် သေးငယ်ပေမဲ့ သူတို့ရဲ့သုက်ကောင်ကတော့ သူတို့ခန္ဓာကိုယ်ထက် ပိုရှည်လျားနေတာ တွေ့ရပါတယ်။ လူသားအပါအဝင် အဖိုသတ္တဝါအများစုဟာ သေးငယ်တဲ့ သုက်ကောင်ပေါင်း သန်းဆယ်ဂဏန်းချီ ထုတ်လွှတ်လေ့ရှိပေမဲ့ အင်းဆက်ပိုးကောင်တချို့နဲ့ အခွံမာရေနေသတ္တဝါတွေကတော့ သုက်ကောင်အရေအတွက်ထက် သုက်ကောင်အရည်အသွေးကို ဦးစားပေးတဲ့ မျိုးပွားမှုပုံစံမျိုးပါ။ မြန်မာ့ပယင်းထဲကနေ တွေ့ရှိတဲ့ အခွံမာရေနေသတ္တဝါမှာလည်း ကြီးမားတဲ့ သုက်ကောင်ကို တွေ့ရပြီး အဖိုကနေ အမကို သုက်ကောင်တွေ လွှဲပြောင်းပေးဖို့ အထူးအင်္ဂါတွေ ပါဝင်နေတာ တွေ့ရပါတယ်။

သုတေသီအဖွဲ့ဟာ X-ray မိုက်ခရိုစကုပ်အသုံးပြုပြီး ပယင်းထဲမှာ ပိတ်မိနေတဲ့ အခွံမာသတ္တဝါတွေကို ကွန်ပျူတာအထောက်အကူသုံး 3D ပုံစံ ဖန်တီးခဲ့ရမှာ အံ့အားသင့်စရာ အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 3D ပုံစံ ဖန်တီးမှုအရ အဖိုကနေ အမကိုယ်ထဲကို သုက်ပိုးထည့်ပေးဖို့အတွက် လိင်အင်္ဂါနှစ်ခုစီကို အသုံးပြုကြပြီး အမတွေကတော့ မျိုးဥတွေ အသင့်မဖြစ်သေးချိန်မှာ သုက်ပိုးတွေကို အိတ်ပုံစံ ခွက်ထဲမှာ သိမ်းဆည်းထားတာ တွေ့ရပါတယ်။ အခုတွေ့ရှိမှုဟာ သုတေသီတစ်ယောက်ရဲ့ဘဝမှာ ပြဿနာအဖြေကို ရုတ်တရက်နားလည်သဘောပေါက်သွားတဲ့ အခိုက်အတန့်ဖြစ်တယ်လို့ တရုတ်နိုင်ငံ နန်ကျင်းသိပ္ပံအကယ်ဒမီရဲ့ သုတေသီ ဒေါက်တာဟီဝမ်က ပြောပါတယ်။

Ref : Queen Mary University of London ” World’s oldest animal sperm found in Myanmar amber”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top