နှာခေါင်းစည်းတပ်ဖို့ ငြင်းဆန်တဲ့ ခရီးသည်နှစ်ယောက်ကို လေယာဉ်ပေါ်က ဆင်းခိုင်းခဲ့

16-9-2020-yyl-011.jpg

လေယာဉ်ပေါ်မှာ နှာခေါင်းစည်းတပ်ဆင်ဖို့ ငြင်းဆန်ခဲ့တဲ့အတွက် အခုလအတွင်း ဂျပန်လေကြောင်းလိုင်းတွေမှာ လိုက်ပါခဲ့တဲ့ ခရီးသည် ၂ ယောက်ကို လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ဟာကိုဒါတေးမြို့ကနေ အိုကူရှီရီကျွန်းသို့ ပျံသန်းတဲ့ Hokkaido Air System Company ရဲ့ လေကြောင်းခရီးစဉ်မှာ နှာခေါင်းစည်းတပ်ဆင်ဖို့ ငြင်းဆန်တဲ့ အမျိုးသားတစ်ယောက်ကို လေယာဉ်မှူးက လေယာဉ်ပေါ်ကနေ ဆင်းခိုင်းခဲ့တယ်လို့ လေကြောင်းလိုင်းရဲ့ လူထုဆက်ဆံရေးအရာရှိ မတ်ဆုဟီရိုအိုတာက ပြောပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လေကြောင်းခရီးစဉ် နာရီဝက်ကြန့်ကြာခဲ့ရပါတယ်။ သူ့အနေနဲ့ နှာခေါင်းစည်းတပ်ရင် အဖု၊ အပိန့်တွေ ဖြစ်လာလေ့ရှိတယ်လို့ လေယာဉ်ပေါ်ကနေ ဆင်းခဲ့ရပြီးနောက်မှာ အဲဒီခရီးသည်က ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်ကလည်း ဂျပန်နိုင်ငံမြောက်ပိုင်း ကူရှီရိုမြို့ကနေ အိုဆာကာမြို့သို့ ပျံသန်းတဲ့ Peach Aviation လေကြောင်းလိုင်းရဲ့ လေကြောင်းခရီးစဉ်မှာ လေယာဉ်မယ်တွေက နှာခေါင်းစည်းတပ်ဆင်ဖို့ ထပ်ဖန်တလဲလဲ မေတ္တာရပ်ခံခဲ့ပေမဲ့ ခရီးသည်တစ်ယောက်က နှာခေါင်းစည်းတပ်ဖို့ ငြင်းဆန်ခဲ့လို့ လေယာဉ်ကို ရုတ်တရက် ဆင်းသက်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် အိုဆာကာမြို့ကို ပျံသန်းတဲ့ လေကြောင်းခရီးစဉ်ဟာ ၂ နာရီ၊ ၁၅ မိနစ် နှောင့်နှေးခဲ့ပါတယ်။

လက်ရှိအချိန်အထိ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ သန်း ၃၀ နီးပါးရှိနေပြီး လူ ၉၃၀၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံမှာတော့ ရောဂါကူးစက်ခံရသူ ၇၆၆၇၀ ယောက်ရှိပြီး လူ ၁၄၆၄ ယောက် သေဆုံးခဲ့တယ်လို့ ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။ အမေရိကန်လေကြောင်းလိုင်းတွေကလည်း နှာခေါင်းစည်းတပ်ဆင်ဖို့ ငြင်းဆန်တဲ့ ခရီးသည်တွေကို လေယာဉ်ပေါ်မှာ လိုက်ပါခွင့် မပေးခဲ့ပါဘူး။ အစားအစာ စားသောက်ချိန်အခိုက်အတန့်မှာပဲ နှာခေါင်းစည်း ချွတ်ခွင့်ပေးလေ့ရှိပါတယ်။

Ref: CNN ” 2 passengers forced off planes in Japan this month for not wearing masks”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top