အသက် ၃၈ နှစ် နဲ့ ၄ လ အရွယ် ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါ သေဆုံး

22-12-2020-yyl02.jpg

ရှင်ရှင်း (Xin Xing) အမည်ရတဲ့ အသက် ၃၈ နှစ်နဲ့ ၄ လအရွယ် ကမ္ဘာ့အသက်အကြီးဆုံးပန်ဒါ သေဆုံးသွားခဲ့ပြီလို့ Chongqing Zoo က သူ့ရဲ့ဆိုရှယ်မီဒီယာကနေတဆင့် တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တာကြောင့် ဒီဇင်ဘာ ၈ ရက်နေ့မှာ သေဆုံးခဲ့တာဖြစ်ပေမဲ့ ဘာလို့ သေဆုံးပြီး (၂) ပတ်အကြာမှ ဒီသတင်းကို ကြေညာခဲ့တာလဲဆိုတာကတော့ သေချာမသိရပါဘူး။

ရှင်ရှင်းဟာ ၁၉၈၂ခုနှစ်မှာ မွေးဖွားခဲ့ပြီး တစ်နှစ်အကြာမှာ တရုတ်နိုင်ငံ၊ Chongqing Zoo ကို ရောက်ရှိလာခဲ့တာပါ။ ဒီတိရစ္ဆာန်ဥယျာဉ်မှာပဲ သူ့ရဲ့နောက်ဆုံးထွက်သက်အထိ နေသွားခဲ့ပါတယ်။ သူကိုယ်တိုင်မွေးဖွားခဲ့တဲ့ ပန်ဒါ (၃၆) ကောင်ရှိခဲ့တဲ့အတွက် ပန်ဒါမျိုးစိတ်ကို ကယ်တင်ပေးနေတဲ့ပန်ဒါအနေနဲ့ချီးမွှမ်းခံခဲ့ရပါတယ်။ Chongqing Zoo ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ ရှင်ရှင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့မှာ အားအင်ကုန်ခန်းပြီး အစာစားချင်စိတ်မရှိဖြစ်ခဲ့ကာ နောက်နေ့မှာ အသက်ရှုရခက်ခဲတာ၊ ချောင်းဆိုးတာတွေဖြစ်ခဲ့ပါတယ်။ ၂၃ ရက်နေ့မှာ ဝမ်းဗိုက်ဖောရောင်တာတွေဖြစ်လာခဲ့ပြီး ဝမ်းသွားရတာ အခက်အခဲဖြစ်ခဲ့တယ်။ အဲဒီအချိန်အတွင်း China Giant Panda Conservation and Research Centre လို နာမည်ကြီးဆေးရုံတွေက ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ပြီး ကုသပေးခဲ့ပါတယ်။ အကောင်းဆုံးကုသပေးခဲ့ပေမဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရှင်ရှင်းဟာ အသက်ကြီးတဲ့အတွက်ရော၊ ကိုယ်တွင်းအင်္ဂါတွေအလုပ်မလုပ်တာကြောင့်ပါ အစာကို ကောင်းကောင်းမချေဖျက်နိုင်တာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေကြောင့် သေဆုံးသွားခဲ့ရတာပါ။ ရှင်ရှင်းသေဆုံးမှုဟာ တိရစ္ဆာန်ဥယျာဉ်ကလူတွေကို စိတ်မကောင်းဖြစ်စေခဲ့ပါတယ်။ ရှင်ရှင်းက အသက် (၃၈) နှစ်နဲ့ (၄) လဖြစ်တဲ့အတွက် အသက်ရှည်ရှည်နေနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ပန်ဒါတွေရဲ့ပျမ်းမျှသက်တမ်းက နှစ် (၂၀) နဲ့ နှစ် (၃၀) လောက်ဖြစ်ပါတယ်။ အခုနှစ် သြဂုတ်လမှာ ရှင်ရှင်းရဲ့ ၃၈ နှစ်ပြည့်မွေးနေ့ကို ကျင်းပပေးခဲ့ပါသေးတယ်။ ပန်ဒါရဲ့သက်တမ်း ၃၈ နှစ်က လူ့အသက်နဲ့ဆိုရင် အသက် ၁၁၀ ကနေ ၁၃၀ နဲ့ ညီမျှတယ်လို့ သိရပါတယ်။

Ref: Ladbible “World’s Oldest Panda In Captivity Dies Aged 38 And Four MonthsNews “


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top