ကလေးအရွယ်တွင် အဝလွန်ခြင်း

close-up-of-teenage-girl-eating-hamburger-obesity.jpg

ဆယ်နှစ်အောက်နဲ့ ဆယ်ကျော်သက်အရွယ်ကလေးတွေမှာ အသက်အရွယ်နဲ့ အရပ်အမြင့်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် ကျော်လွန်နေပြီဆိုရင်တော့ စိုးရိမ်ရပါပြီ။ အမေရိကန်က ကလေး ခြောက်ယောက်မှာ တစ်ယောက်နှုန်း အဝလွန်နေတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ တုန်းက ဆယ်နှစ်အောက်အရွယ် အဝလွန်ခြင်းက နှစ်ဆကျော် ဖြစ်ပြီး မြီးကောင်ပေါက်အရွယ်မှာတော့ လေးဆကျော်ဖြစ်နေခဲ့တာပါ။ ဒါကြောင့် ကလေးတွေမှာ ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ရရှိဖို့ အလေးပေးဂရုပြုရမှာက မိဘတွေရဲ့ တာဝန်တစ်ရပ် ဖြစ်လာပါတယ်။

အဝလွန်တယ်ဆိုတာက အဆီ၊ ကြွက်သား၊ အရိုး၊ ရေ ဒါမှမဟုတ် ဒါတွေအားလုံးပေါင်းစပ်ခြင်းကနေ ခန္ဓာကိုယ်အလေးချိန် ပိုတိုးလာတာကို ဆိုလိုပါတယ်။ အနေအထိုင်နဲ့ ပတ်ဝန်းကျင် အခြအနေတွေကလည်း ကိုယ်အလေးချိန်အပေါ် သက်ရောက်ပါတယ်။ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှစ်ခုလုံးမှာ ရေတိုရေရှည် သက်ရောက်နိုင်တာ ဖြစ်ပါတယ်။ အဝလွန်တဲ့ကလေးတွေက ကိုလက်စထရောမြင့်ခြင်း ဒါမှမဟုတ် သွေးတိုးခြင်းကြောင့် နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်တတ်ပါတယ်။

အဝလွန်တဲ့ ဆယ်ကျော်သက်တွေမှာတော့ သွေးတွင်းသကြားဓာတ် မြင့်တက်ပြီး အရွယ်ရောက်လာတာနဲ့ အမျှ ဆီးချိုရောဂါ ဖြစ်နိုင်ချေများပါတယ်။ အဝလွန်တဲ့ကလေးတွေက အရိုးအဆစ်ရောဂါတွေ ဖြစ်ပွားနိုင်တဲ့အပြင် သူငယ်ချင်းတွေကြား နောက်ပြောင်ကျီစယ်ခံရတဲ့အခါ အားငယ်သိမ်ငယ်ခြင်း နဲ့ စိတ်ဓာတ်ကျခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါတွေကတော့ ရေတို ကျန်းမာရေးဆိုးကျိုးပါ။

ရေရှည်ရလဒ်အနေနဲ့ကတော့ အသက်ကြီးလာတဲ့အခါမှာလည်း အဝလွန်ခြင်း၊ နှလုံးရောဂါရခြင်း၊ လေဖြတ်ခြင်း၊ ကင်ဆာနဲ့ ဒူးအဆစ်အမြစ် ရောင်ရမ်းခြင်းတွေ ဖြစ်စေပါတယ်။ ကလေးတွေမှာ အဝလွန်တာက စိုးရိမ်ရတယ်ဆိုပေမဲ့ ကံကောင်းစွာနဲ့ပဲ ဒီအခြေအနေကို ကာကွယ်ကုသနိုင်တဲ့ နည်းလမ်းတွေများစွာရှိပါတယ်။

ပထမဦးဆုံးကတော့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကနေ အဆီကျအောင် လုပ်ယူလို့ရပါတယ်။ အသား ၊သစ်သီး၊ အရွက် နဲ့ ရေဓာတ်ကို သတ်မှတ်ထားတဲ့ အချိုးအဆအတိုင်း နေ့စဉ်ပုံမှန်စားသုံးဖို့ကိုတော့ မိခင်ဖြစ်သူက ဂရုစိုက်ပေးရမှာပါ။ ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့အတွက် လေ့ကျင့်ခန်းလုပ်မယ် သူငယ်ချင်းတွေနဲ့ စက်ဘီးလျှောက်စီးမယ်၊ မိသားစုနဲ့ အတူတူ လမ်းလျှောက်ထွက်မယ် စသဖြင့် ဂရုစိုက်ပေးရမှာပါ။

မိဘတွေအနေနဲ့ သားသမီးတွေကို ကလေးဘဝအရွယ်တည်းက အလေ့အထကောင်းတွေ မွေးမြူတတ်အောင် လေ့ကျင့်ပေးရပါမယ်။ သူတို့လေးတွေက အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲကို နားမလည်သေးရင်တောင် ဆေးပညာဗဟုသုတတွေ ဖတ်ဖူးတဲ့ မိဘတွေက သိသလောက်မှတ်သလောက် ဂရုစိုက်ပေးရမှာပါ။ သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန် လုပ်ပေးမယ်ဆိုရင် မိသားစု တစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးကလည်း အရမ်းကြီး ဒေါင်ဒေါင်မြည် မဟုတ်ရင်တောင် အဆိုးဆုံးအခြေအနေတွေက အနည်းဆုံး ကင်းဝေးမှာပါ။

တစ်ခါတလေ အခြေအနေတွေက ကိုယ်ဖြေရှင်းဖို့ လက်လှမ်းမမီတဲ့အခါမျိုးမှာတော့ ဆရာဝန်နဲ့ တိုင်ပင်ရပါမယ်။ ကလေးက အရမ်းအဝလွန်လာပြီး ဘယ်လို ဝိတ်ချပေးရမလဲ စဉ်းစားမရဖြစ်နေရင်တော့ ဆရာဝန်ဆီ အမြန်ဆုံးပြေးပါ။ ကျွမ်းကျင်တဲ့ ကလေးဆရာဝန်တွေက အကောင်းဆုံး ဖြေရှင်းပေးသွားပါလိမ့်မယ်။ ဖေမေတို့သိထားရမှာ တစ်ခုက ကလေးအဝလွန်တယ်ဆိုတာ ကလေးတစ်ယောက်တည်းနဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ တစ်မိသားစုလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ အိမ်မှာရှိတဲ့ မိသားစုဝင်တိုင်းက မှန်ကန်ကောင်းမှန်တဲ့ အစားအသောက်နဲ့ နေထိုင်မှုပုံစံကျင့်သုံးမှ မိသားစုတွေအားလုံး ကျန်းမာရေး ကောင်းမွန်နေမှာ ဖြစ်ပါတယ်။

အဝလွန်တဲ့ သားသား မီးမီးလေးတွေရှိတဲ့ ဖေမေတို့ကလည်း အချိန်မလွန်ခင် ကလေးကို ရှိသင့်တဲ့ ကိုယ်အလေးချိန်အတိုင်း ဖြစ်အောင် ဂရုစိုက်ပြုပြင်ပေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

Ref:parents.com “childhood obesity”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top