ဟိုဟာလာရင် ဟိုလိုလုပ်ပါ

woman-holding-clean-sanitary-pad-near-her-hips-GTD3JNX.jpg

“အစ်မ သမီး ဟိုဟာလာနေတာ…အဲဒါ…”

“ညီမလေး…အစ်မ ဟိုဟာလာနေလို့လေ…” မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေ တစ်ယောက်ယောက် ဒီလိုစကား အစချီပြီဆို

ကိုယ်က သိလိုက်ပြီ…..သူတို့ ဘာဆက်မေးမယ်ဆိုတာ….။

ဖေ့စ်ဘွတ်ခ်မှာရော အပြင်မှာရော မိန်းကလေးသူငယ်ချင်း အသိမိတ်ဆွေ အတော်များများ မေးလေ့ရှိတဲ့ အကြောင်း ပြဿနာတစ်ချို့ရှိတယ်။ အဲဒီအထဲမှာ အခုပြောမယ့် ရာသီလာချိန် ဆီးစပ်ကိုက် ခါးကိုက်တဲ့ကိစ္စကလည်း အမေး အများဆုံးထဲက တစ်ခုပါပဲ။ ဒီတော့ ကြာလာတဲ့ အခါ ကိုယ်က အထာနပ်သွားပြီလေ…ဖေ့စ်ဘုတ် CB က လာမေးတဲ့အခါ ဖြေဖို့ အသင့် စာစီထားလိုက်တယ်…။ ဒီအကြောင်းအရာ တစ်ခုထဲကိုပဲ တစ်ယောက်လာမေးတိုင်း တစ်ခါ လက်ညောင်းခံပြီး စာရိုက်နေစရာ မလိုတော့ဘူး။ ရေးပြီးသားလေးကို Copy and Paste လုပ်ပြီး ဖြေလိုက်ရုံပဲ။

ဘာတွေရေးထားလဲ? တစ်လတစ်လ ရာသီလာလို့ ကိုက်ခဲတဲ့အခါဘာတွေလုပ်မလဲ ဆိုတာအတွက် အဖြေက ဒီမှာပါ…

(၁) ရေများများသောက်ပါ။ ရေလို့ဆိုရာမှာ သောက်ရေ၊ ရေသန့် အပါအဝင် သံပုရာရည်၊ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည် အကုန်ပါပါတယ်။ မပါတာကတော့ အရက်၊ ဘီယာ၊ ကဖင်းပါဝင်တဲ့ သောက်စရာတွေ (ဥပမာ – ကော်ဖီ ၊ လက်ဖက်ရည် စသည်)။ သောက်သင့်တဲ့ အရည်ကို မသောက်ဘဲ မသောက်သင့်တဲ့ အရည် သွားသောက်မိရင်တော့ နာကျင်ခြင်း ပိုဆိုးပါလိမ့်မယ်လို့ တစ်ခါတည်း မှာလိုက်ပါရစေ။

(၂) အဆီအဆိမ့်တွေ၊ အပြင်စာတွေကို ခဏလောက် ရှောင်ပြီး ဒီလိုအချိန်မျိုးမှာ ဟင်းသီးဟင်းရွက်လေးတွေ ဦးစားပေးစားပါ။

(၃) ရေနွေးအိတ်လေး ဆီးစပ်တစ်ဝိုက်နဲ့ ခါး (ကိုက်တဲ့နေရာ)ကို ကပ်ပေးပါ။ ဒီနည်းက လွယ်လည်းလွယ်၊ တော်တော်လည်း ထိရောက် သက်သာစေတဲ့နည်းပါ။

(၄) ကိုက်နေတဲ့နေရာ တစ်ဝိုက်ကို ဆီလေးလိမ်းပြီး အသာအယာ နှိပ်နယ်နိုင်ပါတယ်။ အသာအယာလို့ ပါပါတယ်နော်။ အတင်းအကြမ်းနှိပ်ခြင်း၊ နင်းခြင်း မပြုလုပ်သင့်ပါ။

(၅) ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။ Gym မှာ ဆော့လို့ရပါတယ်။ သွေးလှည့်ပတ်မှု ကောင်းစေပြီး နာကျင်ခြင်း ဝေဒနာကို သိသာစွာ လျော့စေပါလိမ့်မယ်။ ဒီနေရာမှာ တစ်ခါတည်းပြောချင်တာက ရာသီလာနေရင် ဘာမှမလုပ်ဘဲ အိပ်ရာထဲမှာပဲ ငြိမ်ငြိမ်လေး နေရမယ်ဆိုတဲ့အချက်က မှားပါတယ်။

(၆) ရေခပ်နွေးနွေးနဲ့ ရေချိုးနိုင်ပါတယ်။ တကယ်လို့ အိမ်မှာ ရေချိုးကန်ရှိခဲ့မယ်ဆိုရင် ခပ်နွေးနွေး ရေလေးနဲ့ စိမ်ချိုးခြင်းက အညောင်းအညာလည်းပြေ၊ ကိုက်ခဲခြင်းကိုလည်း လျော့ပါးသက်သာစေမှာ ဖြစ်ပါတယ်။

(၇) အထက်ပါနည်းလမ်းတွေနဲ့ မသက်သာတော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း၊ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှု ခံယူခြင်းများ လိုက်နာပြုလုပ်သင့်ပါတယ်။

မေ@ဆေး-၂ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top