ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီနဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေတဲ့ အဆီတွေရဲ့ ကွဲပြားမှု

red-and-white-blood-cells-in-the-vein-leukocyte-GY5WAD2.jpg

လူတော်တော်များများက အဆီဆိုတဲ့အရာက ခန္ဓာကိုယ်အတွက် မကောင်းဘူးလို့ တရားသေကြီး သတ်မှတ်ထား တတ်ကြပြီး လူအများစုက သူတို့ နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့အဆီတွေကို ချေဖျက်နိုင်ဖို့အတွက် အချိန်ကုန် ငွေကုန်ခံပြီး လုပ်ဆောင်ကြပါတယ်။

အမှန်တော့ ကိုယ်ခန္ဓာ အလေးချိန် ကျဆင်းဖို့အတွက်လည်း အဆီကို လိုအပ်ပါတယ်။ ရှောင်ရှားသင့်တဲ့ အဆီအမျိုးအစားတွေက trans အဆီနဲ့ ပြည့်ဝအဆီတွေပဲ ဖြစ်ပါတယ်။ ဒီအဆီတွေကို အသင့်ထုတ်ပိုး ပြင်ဆင်ထားတဲ့ အာလူးချောင်းကြော်တွေ၊ မာဂျရင်း၊ ကိတ်တွေနဲ့ အခြား အစားအသောက်တွေ ထဲမှာ တွေ့ရှိရနိုင်ပါတယ်။ ဒီအဆီတွေက ခန္ဓာကိုယ်အတွက် အကျိုးမပြုတဲ့ ကိုလက်စထရော (LDL) ကို တိုးစေပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ကိုလက်စထရော (HDL) ကို လျော့ကျစေပါတယ်။

မပြည့်ဝဆီများဖြစ်ကြတဲ့ အိုမီဂါ သရီး၊ အိုမီဂါ ဆစ်၊ oleic acid နဲ့ linoleic acid တွေက ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ အဆီတွေ ဖြစ်ကြပြီး သည်လိုမျိုး အဆီတွေကို နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ထည့်သွင်းစား သုံးပေးခြင်းဖြင့် ကိုယ်ခန္ဓာ အလေးချိန်ကို ကျဆင်းစေမှာ ဖြစ်ပါတယ်။ ဗီတာမင် အေ၊ ဒီ၊ အီးနဲ့ ကေတွေက အဆီဓာတ် ကိုလိုအပ်ပါတယ်။ ခန္ဓာကိုယ်အနေနဲ့ သည် ဗီတာမင်ဓာတ်တွေကို စုပ်ယူနိုင်ဖို့ဆိုရင် အဆီဓာတ်ကို လိုအပ်ပါတယ်။ အဆီမရှိဘူးဆိုရင် ခန္ဓာကိုယ်က သည် ဗီတာမင်တွေကို စုပ်ယူနိုင်မှာ မဟုတ်ပါဘူး။ အဆီမရှိဘူးဆိုရင် ခန္ဓာကိုယ် အနေနဲ့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်တွေကို ရရှိနိုင်မှာ မဟုတ်ပါဘူး။

အကျိုးပြုတဲ့အဆီနဲ့ အကျိုးမပြုတဲ့အဆီ

အခြေခံအားဖြင့်တော့ အဆီကို ပြည့်ဝဆီနဲ့ မပြည့်ဝဆီဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ အဆီအုပ်စု တစ်ခုစီမှာ အဆီအမျိုးအစားများစွာ ပါဝင်နေပါတယ်။

မပြည့်ဝဆီအကြောင်း ပြောရမယ်ဆိုရင်တော့ မပြည့်ဝဆီထဲမှာ polyunsaturated ဖက်တီးအက်ဆစ်နဲ့ monounsaturated အဆီတွေ ပါဝင်နေပါတယ်။ ဒီ အဆီနှစ်မျိုးကို အတန်အသင့် စားသုံးတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေကို လျော့ကျစေပါတယ်။ Polyunsaturated အဆီကို အသီးအရွက် အဆီတွေမှာ တွေ့ရများတတ်ပြီး ဒီအဆီတွေက သွေးတွင်း ကိုလက်စထရော ပမာဏနဲ့ triglyceride ပမာဏတွေကို လျော့ကျစေပါတယ်။ polyunsaturated အဆီတစ်မျိုးက အိုမီဂါ သရီး ဖက်တီးအက်ဆစ် ဖြစ်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်ဆစ်ကို အဆီများတဲ့ ငါးတွေဖြစ်ကြတဲ့ ဆယ်လ်မွန်၊ မက်ကာရယ်နဲ့ ငါးခူလိုမျိုး ငါးတွေနဲ့ နှမ်းကြတ်စေ့ဆီနဲ့ သစ်ကြားသီးတွေမှာ တွေ့ရှိရပါတယ်။ ဒီငါးမျိုးတွေထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးရှိတဲ့ အိုမီဂါ သရီးဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး တစ်ပတ်ကို နှစ်ကြိမ် ငါးစားသုံးပေးဖို့ အမေရိကန်နှလုံးကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

စားသုံးဖို့ မသင့်တဲ့ အဆီနှစ်မျိုးကတော့ ပြည့်ဝအဆီနဲ့ trans ဖက်တီးအက်ဆစ်တွေ ဖြစ်ကြပြီး နှစ်မျိုးစလုံးက သွေးတွင်း ကိုလက်စထရော ပမာဏကို တိုးစေပြီး သွေးကြောတွေကို ပိတ်ဆို့စေသလို နှလုံးရောဂါတွေ ဖြစ်နိုင်ခြေကိုလည်း တိုးစေပါတယ်။

ပြည့်ဝဆီတွေကို တိရစ္ဆာန်တွေကနေ ရတဲ့ စားသောက်ကုန်တွေဖြစ်ကြတဲ့ အသားတွေ၊ နို့တွေနဲ့ ဥအမျိုးမျိုးမှာ တွေ့ရှိရပါတယ်။ အုန်းဆီနဲ့ စားအုန်းဆီတွေမှာလည်း ပြည့်ဝဆီတွေ ပါဝင်နေပါတယ်။ ပြည့်ဝဆီတွေက အူမကြီး ကင်ဆာနဲ့ ဆီးကျိတ်ကင်ဆာတွေကို ဖြစ်ပေါ်ခံစားရစေတာကြောင့် ကျန်းမာရေးနဲ့ သင့်တော်တဲ့ မပြည့်ဝဆီတွေကို စားသုံးပေးခြင်းဖြင့် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို အမြဲထိန်းသိမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေက နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ အရေးပါတဲ့ ကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။ အဆီတွေတိုင်းမှာ ကယ်လိုရီပမာဏတွေများစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီတွေကို အတန်အသင့် စားသုံးဖို့ လိုပါတယ်။

ပထမဆုံးအနေနဲ့ လုပ်ဆောင်ရမှာက နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲက ပြည့်ဝအဆီနဲ့ trans အဆီတွေ ပါဝင်နေတဲ့ အစားအသောက်တွေကို လျှော့ချ စားသုံးပေးပါ။ သည်နောက်မှာတော့ monounsaturated အဆီနဲ့ polyunsaturated အဆီတွေပါဝင်တဲ့ အစားအစာတွေကို စားသုံးဖို့ လုပ်ဆောင်ရပါမယ်။ ဒီလိုမျိုး လုပ်ဆောင်ပေးတာက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ကျန်းမာ သန်စွမ်းစေအောင် အထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top