ဂျပန် ကာတွန်းရုပ်ရှင် စတူဒီယို မီးလောင်ကျွမ်းခဲ့မှုမှာ သေဆုံးသူ အနည်းဆုံး (၂၃) ဦးထိရှိခဲ့

suspected-arson-hits-japan-animation-studio-dozens-injured-1151729042351185921.jpg

ဂျပန်နိုင်ငံ၊ ကျိုတိုမြို့မှာ မီးရှို့တိုက်ခိုက်ခံရမှုလို့ယူဆရတဲ့ ကာတွန်းရုပ်ရှင် စတူဒီယို မီးလောင်မှုကြောင့် အနည်းဆုံး လူ (၂၃) ယောက်သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ အရေးပေါ်အဖွဲ့ အရာရှိတွေရဲ့ ထုတ်ပြန်မှုတွေအရ သိရပါတယ်။ ကြာသပတေးနေ့ နံနက်ပိုင်းမှာ Kyoto Animation Co စတူဒီယိုထဲကို အမျိုးသားတစ်ယောက် ကျူးကျော် ဝင်ရောက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် (၄၁) နှစ်အရွယ်ရှိတဲ့ သံသယရှိသူက ဓာတ်ဆီလောင်းပြီး မီးရှို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒေသစံတော်ချိန် နံနက် (၁၀) နာရီခွဲက သုံးထပ် အဆောက်အအုံ မီးလောင်ခဲ့တာပါ။ ဒဏ်ရာရထားတဲ့ သံသယ ရှိသူကို ထိန်းသိမ်းထားပြီး ဆေးရုံမှာ ကုသပေးနေပါတယ်။ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီးနောက် မီးတောက်ကြီးက အဆောက်အအုံ တစ်ခုလုံးကို ဝါးမြိုသွားခဲ့တယ်လို့ မျက်မြင်သက်သေ တွေက ပြောကြပါတယ်။

မီးစတင်လောင်ကျွမ်းချိန်က အဆောက်အအုံထဲမှာ လူ (၇၀) လောက် ရှိနေခဲ့တယ်လို့ မီးသတ်ဌာနအရာရှိတွေက ပြောခဲ့ပြီး ဆေးရုံမှာ ကုသမှုခံယူနေရသူ (၃၆) ယောက်ရှိကာ အချို့သူတွေကတော့ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိပါတယ်။ ဒီဖြစ်ရပ်မှာ ပျောက်ဆုံးနေသူတချို့ရှိတယ်လို့ NHK သတင်းဌာနက ဖော်ပြထားပါတယ်။ လက်ရှိ အချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေဆဲပါ။

အခင်းဖြစ်ပွားရာ နေရာမှာ ဓားတွေလည်း တွေ့ရတယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။ သံသယရှိသူနဲ့ ကာတွန်းရုပ်ရှင် စတူဒီယိုကုမ္ပဏီတို့ရဲ့အကြား ဆက်နွှယ်မှုကိုတော့ တိတိကျကျ မသိရသေးပါဘူး။ အဆောက်အအုံ မီးလောင်ပြီးချိန်မှာ သံသယရှိသူက အနီးနားမှာရှိတဲ့ ဘူတာရုံကို ထွက်ပြေးခဲ့ပေမဲ့ ပြေးရင်း မြေပေါ်လဲကျသွား ခဲ့တယ်လို့ ဂျပန်သတင်းစာအချို့မှာ ဖော်ပြပါတယ်။

KyoAni လို့ လူသိများတဲ့ ကျိုတို ကာတွန်းရုပ်ရှင် စတူဒီယိုကို ၁၉၈၁ ခုနှစ်က စတည်ထောင်ခဲ့တာဖြစ်ပြီး K-On, The Melancholy of Haruhi Suzumiya စတဲ့ နာမည်ကျော် ကာတွန်းရုပ်ရှင်ကားတွေ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ လူမှုကွန်ရက် ပေါ်မှာတော့ ပရိသတ်တွေက သူတို့နှစ်သက်တဲ့ KyoAni ရဲ့ ကာတွန်းရုပ်ရှင်ကားပုံတွေ တင်ခဲ့ပြီး ဒီသတင်းကြောင့် တုန်လှုပ်မိတယ်လို့ ဖော်ပြနေကြပါတယ်။ Help KyoAni Heal လို့ အမည်ပေးထားတဲ့ GoFundMe ရန်ပုံငွေ လှုပ်ရှားမှုတစ်ခု ကိုလည်း လုပ်ဆောင်ထားပြီး တစ်နာရီအတွင်းမှာပဲ အလှူငွေ အမေရိကန်ဒေါ်လာ (၅၀,၀၀၀) ကျော် ရရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top