Times Square မှာ ဧရာမ billboard ထောင်ပြီး မီးသတ်သမားတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြ

yyl-017-8.jpg

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ခြင်းကလည်း မင်္ဂလာတစ်ပါးပါပဲ။ သြစတြေးလျမီးသတ်တပ်ဖွဲ့ကတော့ နယူးယော့ခ်မြို့ရဲ့ ကမ္ဘာကျော် Times Square ရင်ပြင်မှာ ပေ ၇၀ မြင့်တဲ့ Billboard ကို အသုံးပြုပြီး ဒေသခံမီးသတ်သမားတွေနဲ့ အမေရိကန်နိုင်ငံရဲ့ စေတနာ့ဝန်ထမ်း မီးသတ်သမားတွေကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ နယူးဆောက်ဝေးလ်ပြည်နယ်မှာ လောင်ကျွမ်းခဲ့တဲ့ ဧရာမမီးလောင်ကျွမ်းမှုကြီးကို ပြီးခဲ့တဲ့အပတ်မှာတော့ အပြီးသတ်ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ကြေညာနိုင်ခဲ့ပါတယ်။

နယူးဆောက်ဝေးလ်ပြည်နယ်ရဲ့ စံချိန်တင် တောမီးလောင်ကျွမ်းမှုမှာ အမေရိကန်နိုင်ငံသား စေတနာ့ဝန်ထမ်း မီးသတ်သမား ၃ ယောက်အပါအဝင် အနည်းဆုံး မီးသတ်သမား ၆ ယောက် သေဆုံးခဲ့ပါတယ်။ ဒီရာသီ တောမီးလောင်ကျွမ်းမှုမှာ ပြည်သူလူထုနဲ့ ပံ့ပိုးကူညီသူတွေက အံ့အားသင့်စရာ တုံ့ပြန်လှုပ်ရှားခဲ့ကြတယ်လို့ နယူးဆောက်ဝေးလ်ပြည်နယ် ကျေးလက်မီးသတ်ဌာနက ပြောပါတယ်။

“ကျွန်တော်တို့ ကျေးဇူးတင်တယ်ဆိုတာကို တတ်နိုင်သလောက် အကြီးကျယ်ဆုံး ပြောချင်ပြီး အဲဒီမက်ဆေ့ကိုလည်း ကမ္ဘာကသိအောင် လုပ်ချင်တယ်’’လို့ နယူးဆောက်ဝေးလ်ပြည်နယ် ကျေးလက်မီးသတ်ဌာနက ပြောပါတယ်။ ဒီရာသီ တောမီးလောင်ကျွမ်းမှုမှာ ပါဝင်ငြှိမ်းသတ်ခဲ့ကြတဲ့ မီးသတ်သမား ၉၀ ရာခိုင်နှုန်းက စေတနာ့ဝန်ထမ်းတွေပါ။ သြစတြေးလျနိုင်ငံရဲ့ တောမီးလောင်ကျွမ်းမှု ငြှိမ်းသတ်ရေးဌာနတွေကို အစိုးရကို ရန်ပုံငွေထောက်ပံ့ပေးထားတာပါ။ ဒါပေမဲ့ အဲဒီဌာနတွေဟာ လေ့ကျင့်သင်ကြားထားတဲ့ စေတနာ့ဝန်ထမ်းတွေကို မှီခိုအားထားခဲ့ရပါတယ်။

“ဒီ Billboard ကြီးထက် ပိုမြင့်တဲ့ မီးတောက်ကြီးကို ငြှိမ်းသတ်ရတယ်လို့ မြင်ယောင်ကြည့်လိုက်ပါ။ သြစတြေးလျနိုင်ငံကို ကာကွယ်ပေးခဲ့တဲ့ ရဲဝံ့စွန့်စား သြစတြးလျမီးသတ်သမားတွေနဲ့ အမေရိကန်မီးသတ်သမားတွေကို ကျေးဇူးတင်ပါတယ်။ ဝိုင်းဝန်းပံ့ပိုးပေးကြတဲ့ တစ်ကမ္ဘာလုံးကိုလည်း ကျေးဇူးတင်ပါတယ်’’လို့ billboard မှာ ရေးသားထားပါတယ်။ သြစတြေးလျနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ နယူးဆောက်ဝေးလ်ပြည်နယ်မှာ တောမီးလောင်ကျွမ်းခံရတဲ့ မြေနေရာက ဟက်တာဧက ၅.၄ သန်းရှိပြီး အဲဒီအရွယ်အစားက တောင်ကိုရီးယားနိုင်ငံ အကျယ်အဝန်းရှိပါတယ်။

Ref:BBC ” Australia firefighters thanked with Times Square billboard ”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top