ကျောင်းတွင်းပစ်ခတ်ခဲ့တဲ့ ကျောင်းသားလေးရဲ့မိခင်က ဈာပနအခမ်းအနားမှာ သေဆုံးသူနဲ့ဒဏ်ရာရသူတွေရဲ့မိသားစုဝင်တွေကို တောင်းပန်

motg.jpg

ဩဂုတ်လ ၇ ရက်နေ့က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းတွင်းပစ်ခတ်မှုနောက်ကွယ်က အသက် ၁၄ နှစ်အရွယ်ကောင်လေးရဲ့မိခင်က သေဆုံးသူနဲ့ဒဏ်ရာရသူတွေရဲ့မိသားစုဝင်ကို တောင်းပန်ခဲ့ပါတယ်။

” သေဆုံးသူနဲ့ဒဏ်ရာရသူတွေကို ကျွန်မ တောင်းပန်ပါတယ်။ လူ့အဖွဲ့အစည်းကို တောင်းပန်ပါတယ်။ ဒီလိုဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။ ဘယ်သူမှလည်း မသိခဲ့ကြတဲ့အတွက် ကျွန်မတို့ တကယ်ကို ဝမ်းနည်းကြေကွဲရပါတယ် “လို့ မိခင်ဖြစ်သူက ဆိုပါတယ်။

သားဖြစ်သူက ပုံမှန်ဆို ထက်မြက်ပြီး ရွှင်ပျတဲ့သူတစ်ယောက်ပါ။ အခုလိုကျူးလွန်မယ်လို့ ညွှန်ပြနေတဲ့ သတိပေးလက္ခဏာတွေမရှိခဲ့ဘူး။ ပြဿနာတစ်ခုခုရှိရင် ပြောပြဖို့ အမြဲပြောခဲ့တယ်။ ဒါပေမဲ့ ဘာမှမရှိဘူးလို့ပဲ ပြောခဲ့တယ်။ စကားပြောကောင်းပြီး ချိုသာပေမဲ့ တသီးတသန့်နေတတ်တယ်လို့ မိခင်ဖြစ်သူက ပြောပြပါတယ်။

ပစ်ခတ်မှုသတင်းစထွက်လာချိန်မှာ သားဖြစ်သူရဲ့ဘေးကင်းရေးအတွက် စိုးရိမ်ပြီး ဖုန်းဆက်တာ၊ စာပို့တာလုပ်ခဲ့ပေမဲ့ အဲ့ဒီအချိန်မှာ သားဖြစ်သူကိုယ်တိုင်က ကျူးလွန်သူဖြစ်နေမှန်းမသိရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။

သေနတ်သမားကျောင်းသားလေးရဲ့မိခင်ဖြစ်သူအပြင် ဖခင်ဖြစ်သူကလည်း အသက် ၁၂ နှစ်အရွယ် သေဆုံးသူ ကျောင်းသူလေး Naphat Chaima ရဲ့ ဈာပနဆီ သွားရောက်ပြီး ကျန်ရစ်သူမိဘတွေကို ဦးချတောင်းပန်ခဲ့ပါတယ်။

အခုလိုပစ်ခတ်တိုက်ခိုက်ရတာရဲ့နောက်ကွယ်က ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။ ကျောင်းသားလေးက သေနတ် ဘယ်လိုအသုံးပြုရတယ်ဆိုတာကို လူမှုကွန်ယက်ပေါ်ကနေ သင်ယူခဲ့တာဖြစ်တယ်လို့ ဒေသတွင်းရဲတွေက BBC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လူမှုကွန်ယက်ပေါ်က ကြမ်းတမ်းတဲ့အကြောင်းအရာတွေကို ဖတ်ရှုတာ၊ ပညာရေးနဲ့ မိသားစုပြဿနာတွေအပေါ် စိတ်ဖိစီးတာ၊ သူငယ်ချင်းတွေနဲ့ ပဋိပက္ခဖြစ်တာတွေကြောင့် အခုလိုလုပ်ရပ်မျိုးကျူးလွန်ခဲ့တာဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။ အဲ့ဒီကျောင်းသားလေးငယ်ငယ်ကတည်းက သူ့ရဲ့အဘိုးအဘွားတွေက စောင့်ရှောက်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျောင်းသားလေး အွန်လိုင်းကနေမှာယူပြီး ကျောင်းကို ယူလာတဲ့ BB သေနတ်ကို သူ့ရဲ့ဆရာတစ်ယောက်က အရင်က သိမ်းဆည်းခဲ့ဖူးတယ်လို့လည်း သတင်းတွေမှာဖော်ပြထားပါတယ်။

ကျောင်းသားလေးရဲ့ပစ်ခတ်မှုကြောင့် ပစ်ခတ်တဲ့ကျောင်းသား (ကိုယ့်ကိုယ်ကို အဆုံးစီရင်)၊ သူ့ရဲ့အဘိုးအဘွား (ကျောင်းကိုလာမပစ်ခတ်ခင် အိမ်မှာ ပစ်ခတ်ခဲ့)၊ ဆရာ/ဆရာမနဲ့ ကျောင်းဝန်ထမ်း (၅) ဦး၊ ကျောင်းသူလေး (၁) ဦး (ပစ်ခတ်မှုအပြီး နောက်နေ့ ဆေးရုံမှာသေဆုံး) စုစုပေါင်း လူ (၉) ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူများလည်းရှိပါတယ်။

Ref: Thai school shooter’s mother apologises to victims during funeral, says there were ‘no signs’ at all

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top