ကျေးဇူးမတင်တတ်တဲ့သမီးငယ်အတွက် မေမေ့ရဲ့သင်ခန်းစာ

69024052_2424116714512736_1182854918399066112_n.jpg

ဖလော်ရီဒါပြည်နယ်က မိခင်တစ်ဦးရဲ့ သမီးဖြစ်သူကို ဘဝသင်ခန်းစာပေးခဲ့ပုံကတော့ လူမှုကွန်ရက်ပေါ်မှာ ချီးမွမ်းထောပနာပြုစရာဖြစ်လို့နေပါတယ်။ ဘယ်လိုသင်ခန်းစာမျိုးပေးခဲ့လို့များ အခုလိုချီးမွမ်းနေကြသလဲဆိုတာကိုတော့ ဆက်ပြီးဖတ်ရှုကြည့်ရင်သိလာမှာပါ။

တစ်နေ့မှာ (၆) နှစ်အရွယ် သမီးငယ်ဖြစ်သူ ပရက်စလိတ်ချ် (Presleigh) က ဟယ်လေ ဟက်ဆယ်လ် (Haley Hassell) ကို “LOL ခဲတံအိတ်လေး”တစ်လုံးဝယ်ပေးဖို့ ပူဆာလာြင်္ပး ဟယ်လေက ချက်ချင်းဝယ်မပေးဘဲ မသိသလိုနေနေခဲ့ပါတယ်။ ပူဆာထားတဲ့ခဲတံအိတ်ကို ဟယ်လေ တကယ်တမ်းဝယ်ပေးလိုက်ချိန်မှာတော့ သမီးဖြစ်သူ ပရက်စလိတ်ချ်က မလိုချင်တော့ကြောင်းပြောဆိုကာ အမှိုက်ပုံးထဲကို လွှတ်ပစ်ခဲ့ပါတယ်။


“အိတ်လေးကိုပေးလိုက်ရင် သူ အံ့အားသင့်ဝမ်းသာသွားမှာပဲလို့ ကျွန်မကထင်တာ။ ဒါပေမဲ့ “ကျောင်းကလူတိုင်းမှာ ဒီအိတ်ရှိနေကြပြီ။ အခုမှတော့ မလိုချင်တော့ဘူး’ လို့ အော်ဟစ်ပြီးအခန်းတံခါးကို ဆောင့်ပိတ်လိုက်တယ်လေ” လို့ ဟယ်လေက ပြန်ပြောပြပါတယ်။

“LOL ခဲတံအိတ်လေး” ကို ပရက်စလိတ်ချ်အရမ်းလိုချင်နေခဲ့တဲ့ချိန်မှာ တမင်မဝယ်ပေးဘဲနေပြီး သူမေ့လောက်တဲ့အချိန်မှ အံ့အားသင့်အောင်ဝယ်ပေးလိုက်မယ်လို့ ဟက်ဆယ်လ်က တွေးခဲ့တာဖြစ်ပါတယ်။ အဲဒီအိတ်ကိုလည်း ဟယ်လေက ဆိုင် (၃) ဆိုင်လောက်ထိ သွားရှာပြီးဝယ်လာခဲ့ရတာဖြစ်ပေမဲ့ သူမျှော်လင့်ထားသလိုမျိုတော့ ဖြစ်မလာခဲ့ပါဘူး။

ဒါကြောင့် ဟယ်လေက သမီးဖြစ်သူ နားလည်သိတတ်လာအောင်သင်ခန်းစာပေးတဲ့အနေနဲ့ ပရက်စလိတ်ချ်ရဲ့ နာမည်ထိုးပေးထားတဲ့ ပလတ်စတစ်အိတ်တစ်လုံးကိုပဲ ခဲတံအိတ်အဖြစ်သုံးစေပါတယ်။ ဒီအခါမှာတော့ သမီးဖြစ်သူက သူလွှင့်ပစ်ခဲ့တဲ့အိတ်ကိုပဲ ပြန်တောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဟယ်လေက လုံးဝ ပြန်မပေးခဲ့ဘဲ အဲဒီအစား ကိုယ့်ရဲ့ငွေနဲ့ ဝယ်ထားတဲ့ပစ္စည်းတစ်ခုကိုတန်ဖိုးထားတတ်ဖို့လိုကြောင်း၊ ကိုယ်မလိုအပ်ဘူးဆိုရင်လည်း တကယ်လိုအပ်နေသူတစ်ယောက်ယောက်ကို ပေးလှူလိုက်သင့်ကြောင်းနဲ့ ကိုယ့်အတွက်လို့ရည်ရွယ်ပြီးဖန်တီးပေးလာမှုတိုင်းကို ပြန်ပြီးကျေးဇူးစကားဆိုသင့်ကြောင်း ပရက်စ်လိတ်ချ်ကို အေးအေးဆေးဆေး ဆုံးမခဲ့ပါတယ်။ အဲဒီအခါကျမှ ပရက်စ်လိတ်ချ်လေးဟာ မိခင်သွန်သင်တာတွေကို နားလည်သွားပြီး သူ့အိတ်လေးကို အိတ်မရှိသေးတဲ့ တခြားကလေးတစ်ယောက်ကိုပေးလိုက်တော့မယ်လို့ ပြောလာခဲ့ပါတယ်။

သားသမီးလေးတွေက ဒါလိုချင်တယ်လို့ ပူဆာလိုက်တာနဲ့ မိဘဖြစ်သူတွေက မရ ရအောင်ဖြည့်ဆည်းပေးကြတာချည်းဖြစ်လို့ မိဘတွေရဲ့ အပြုအမူဟာ တစ်ခါတလေမှာ သည်းသည်းလှုပ်အကဲပိုတဲ့ပုံ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒီလိုဖြည့်ဆည်းပေးမှုတွေကို နားလည်သိတတ်ဖို့၊ ကျေးဇူးတုံ့ပြန်တတ်ဖို့ဆိုတာတွေက ကလေးတစ်ယောက်မှာလည်း ရှိသင့်တယ်ဆိုတာကို လူမှုကွန်ရက်အသုံးပြုသူတွေဂရုပြုမိအောင် ဟယ်လေက သူတို့သားအမိရဲ့အဖြစ်နဲ့ ဥပမာပေးလမ်းညွှန်ပြနိုင်ခဲ့တယ်လို့ ဆိုရမှာပါ။

Ref: Dailymail “Mother teaches ‘ungrateful’ six-year-old daughter a lesson”
WL (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top