ဘီလ်ဂိတ်ရဲ့ ဒေါ်လာသန်း ၁၅၀ တန် ဝါရှင်တန်စံအိမ်ရဲ့ ထူးခြားတဲ့အချက် ၁၉ ချက်

take-a-look-at-bill-gates-new-house.jpg.png

၁၉၈၇ ခုနှစ်ကတည်းက Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းထဲမှာ ပါဝင်ခဲ့တဲ့ ဘီလ်ဂိတ်ဟာ ယခုစက်တင်ဘာလစာရင်းများအရ ပိုင်ဆိုင်မှု ဒေါ်လာ ၈၄.၈ ဘီလီယံရှိပြီး ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။

ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက်မှာ ကမ္ဘာ့အကောင်းဆုံးအိမ်တစ်လုံးရှိနေတယ်ဆိုတာ အံ့ဩစရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။

ဘီလ်ဂိတ်ရဲ့ အိမ်ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ ကင်းစီရင်စု၊ မီဒီနာ မြို့ရှိ ဝါရှင်တန်ရေကန်အနားမှာ တည်ရှိပါတယ်။ ဘီလ်ဂိတ်ရဲ့အိမ်ကို Xanadu 2.0 စံအိမ်လို့ခေါ်ပြီး ဧရိယာ အကျယ်အဝန်း ၆၆၀၀၀ စတုရန်း ကီလိုမီတာ ရှိပါတယ်။ ဘီလ်ဂိတ်အိမ်ရဲ့ နာမည် Xanadu 2.0  ဆိုတာ ၁၉၄၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Citizen Kane ဇာတ်ကားထဲက အိမ်ရဲ့ နာမည်ကို ယူပြီးပေးထားတာ ဖြစ်ပြီး ဒီအိမ်ကို ဆောက်ဖို့အတွက် ဘီလ်ဂိတ်ဟာ ဒေါ်လာ ၆၃ သန်းနဲ့ အချိန် ၇ နှစ်ယူခဲ့ရပါတယ်။ ဘီလ်ဂိတ်ရဲ့ အိမ်ဟာ တော်တော်ကြီးမားတဲ့ အိမ်တစ်လုံးဖြစ်ပြီး နည်းပညာမြင့်  ပစ္စည်းတွေ ထည့်သွင်းအသုံးပြုထားပါတယ်။ ဘီလ်ဂိတ်ရဲ့ Xanadu 2.0 စံအိမ်ရဲ့ ထူးခြားတဲ့ အချက်တွေကတော့

၁။ ဘီလ်ဂိတ်စံအိမ်ရဲ့တန်ဖိုးဟာ ဒေါ်လာသန်း ၁၅၀ ကျော် တန်ကြေးရှိပါတယ်။

ကင်းစီရင်စု ပြည်သူပိုင်ဆိုင်မှု တန်ဖိုးဖြတ်ရုံးရဲ့စာရင်းများအရ ဘီလ်ဂိတ်ရဲ့ စံအိမ်ဟာ ၁၅၀.၄ သန်း တန်ကြေးရှိပြီး မြေကွက်ကို ဘီလ်ဂိတ်ဟာ ၁၉၈၈ ခုနှစ်က ဒေါ်လာ ၂ သန်းနဲ့ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီအိမ်ပိုင်ဆိုင်မှုကြောင့် ဘီလ်ဂိတ်ဟာ အစိုးရကို တစ်နှစ် ဒေါ်လာ ၁ သန်း အခွန်ဆောင်နေရပါတယ်။

၂။ စံအိမ်ကို ဆောက်လုပ်ဖို့အတွက် ပေ ၅ သိန်းခန့် ထင်းရှုးသားပျဉ်ပြားများကို အသုံးပြုခဲ့ရပါတယ်။

ဘီလ်ဂိတ်ရဲ့ အိမ်ကိုဆောက်လုပ်ဖို့အတွက် အနှစ် ၅၀၀ သက်တမ်းရှိ မြောက်အမေရိကမျိုးရင်း ထင်းရှုးသား ပေ ၅ သိန်းခန့်ကို ဆောက်လုပ်ရေး လုပ်သား ၂၀၀၊ လျှပ်စစ်ပညာရှင် ၁၀၀ ကျော်နဲ့ တည်ဆောက်ခဲ့ရပါတယ်။

၃။ နည်းပညာမြှင့် အာရုံခံကိရိယာစနစ်က ဧည့်သည်တွေကို အခန်းရဲ့ အပူချိန်နဲ့ အလင်းရောင်ကို ထိန်းချုပ်စေနိုင်ပါတယ်။

ဘီလ်ဂိတ်ရဲ့ အိမ်ကို ဧည့်သည်တွေလာတဲ့အခါမှာ အိမ်ရဲ့ နေရာအနှံမှာရှိတဲ့ အာရုံခံကိရိယာတွေနဲ့ ချိတ်ဆက်ထားတဲ့ Control ချောင်းလေး တစ်ချောင်း စီရကြပါတယ်။ ဒီ Control ချောင်းလေး  မှတဆင့် ဧည့်သည်များဟာ သူတို့စိတ်ကြိုက်အပူချိန်နဲ့ အလင်းရောင်ကို သတ်မှတ်နိုင်မှာ ဖြစ်ပြီး နံရံနောက်မှာရှိတဲ့ Speaker တွေက ဧည့်သည်တွေ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကို ဖွင့်ပြပေးသွားမှာ ဖြစ်ပါတယ်။

၄။ အိမ်ရဲ့ သဘာဝ ဘေးပတ်ဝန်းကျင်ကို အသုံးပြုပြီး အပူချိန်လျှော့ချထားပါတယ်။

Xanadu 2.0 စံအိမ်ဟာ ဘေးပတ်ဝန်းကျင်နဲ့ထိန်းညှိပြီးတည်ဆောက်ထားတဲ့ အိမ်တစ်လုံးဖြစ်ပြီး အပူချိန်လျှော့ချဖို့ အတွက် လျှပ်စစ်စွမ်းအားအပိုမသုံးစွဲဘဲ ဘေးပတ်ဝန်းကျင်မှ သစ်တောများကို အသုံးပြုထားတာ ဖြစ်ပါတယ်။

၅။ နံရံပေါ်က အနုပညာလက်ရာများကို ခလုတ် တစ်ချက်နှိပ်လိုက်ရုံနဲ့ ပြောင်းလဲနိုင်တယ်။

ဘီလ်ဂိတ်အိမ်အနှံ့မှာ ဒေါ်လာ ၈ သောင်းဖိုး တန်ကြေးရှိ ကွန်ပျူတာ မျက်နှာပြင်တွေ တပ်ဆင်ထားပြီး အိမ်ကိုလာရောက်တဲ့  ဧည့်သည်တွေဟာ ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ သူတို့ အကြိုက်ဆုံးဓာတ်ပုံတွေ၊ ပန်းချီတွေကို ပြောင်းလဲနိုင်ပါတယ်။ ဒီပန်းချီကားတွေ၊  ဓာတ်ပုံတွေကို ဒေါ်လာ ၁ သိန်းခွဲတန်ကြေးရှိ storage devices တွေမှာ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

၆။ ရေကူးကန်မှာ ရေအောက် Music System ပါဝင်ထားပါတယ်။

ပေ ၆၀ အကျယ်ရှိတဲ့ ရေကူးကန်ဟာ ၃၉၀၀ စတုရန်း ကီလိုမီတာ ရှိတဲ့ အဆောက်အဦးတစ်ခုအတွင်းမှာ တည်ဆောက်ထားပြီး ရေကူးနေတဲ့သူတွေအတွက် ရေအောက် Music System ထည့်သွင်းထားပြီး အဝတ်လဲခန်းတွေလည်း တည်ဆောက်ထားပါတယ်။

၇။ စတုရန်းပေ ၂၅၀၀ ရှိ အားကစားခန်း တစ်ခုတည်ဆောက်ထားခြင်း။

ဒီအိမ်မှာ အားကစားခန်းမတစ်ခုပါဝင်ပြီး ဒီခန်းမရဲ့ အကျယ်ဟာ စတုရန်း ပေ ၂၅၀၀ ရှိတဲ့အပြင် ရေနွေးငွေ့ချွေးထုတ်ခန်းများနဲ့ အမျိုးသမီး၊ အမျိုးသားများအတွက် အဝတ်လဲခန်းများပါ ပါဝင်ထားပါတယ်။

၈။ ဧည့်သည့်ကြိုဆိုရေး အဆောင်ဟာ ဧည့်သည် အယောက် ၂၀၀ ခန့်ကို ဧည့်ခံနိုင်တဲ့ အကျယ်အဝန်းရှိပါတယ်။

စတုရန်း ပေ ၂၃၀၀ ရှိတဲ့ ဧည့်ကြိုဆိုရေးအဆောင်ဟာ ဧည့်သည့် အယောက် ၂၀၀ ခန့်ကို ဧည့်ခံထားနိုင်တဲ့ အကျယ်အဝန်းရှိပြီး ၆ ပေအကျယ်အဝန်းရှိ မီးလင်းဖိုအပြင် ၂၂ ပေအကျယ်ရှိ TV တစ်လုံးလည်း ရှိပါတယ်။

၉။ စံအိမ်မှာ အိမ်သာ၊ ရေချိုးခန်းစုစုပေါင်း ၂၄ လုံးရှိပါတယ်။

ဒီလောက်များတဲ့ သန့်စင်ခန်းတွေက ဘီလ်ဂိတ်တို့ မိသားစု ပါတီအကြီးစား တစ်ခုလုပ်မယ် ဆိုရင်တော့ အသုံးဝင်မှာ သေချာပါတယ်။

၁၀။ မီးဖိုချောင် စုစုပေါင်း ၆ ခုပါဝင်ပါတယ်။

ဘယ်လို ပွဲမျိုးမဆိုကျင်းပရင် အဆင်သင့်ဖြစ်စေဖို့ အိမ်ရဲ့ နေရာအနှံ့မှာ မီးဖိုချောင် ၆ ခုတည်ဆောက်ထားပါတယ်။

၁၁။ ဘီလ်ဂိတ်ရဲ့ စာကြည့်တိုက်မှာရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ စာတစ်စောင်ထဲတင် ဒေါ်လာ သန်း ၃၀ ကျော်တန်ကြေးရှိပါတယ်။

Codex Leicester ဆိုတဲ့ လက်ရေးမူဟာ ၁၆ ရာစုခန့်က လီယိုနာဒို ဒါဗင်ချီရဲ့ ကျော်ကြားတဲ့ သိပ္ပံပညာရပ်ဆိုင်ရာ လက်ရေးမူဖြစ်ပြီး ဒီလက်ရေးမူဟာ ကမ္ဘာ့ဒုတိယဈေးအများဆုံး စာအုပ်တစ်အုပ် အဖြစ်မှတ်တမ်းတင်ထားပါတယ်။ ဒီလက်ရေးမူကို ၁၉၉၄ နိုဝင်ဘာ ၁၁ ရက်နေ့ လေလံပွဲမှာ ဘီလ်ဂိတ်ဟာ ဒေါ်လာ ၃၀.၈ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဒီဈေးဟာ ၂၀၁၇ ဇူလိုင်လတန်ဖိုးအရ ဒေါ်လာ ၅၀.၃ သန်း တန်ကြေးရှိပါတယ်။

၂၁၀၀ စတုရန်းပေ အကျယ်အဝန်းရှိတဲ့ စာကြည့်တိုက်မှာ လျှို့ဝှက်စာအုပ်စင် နှစ်ခုရှိပြီး မျက်နှာကျက်မှာတော့ “The Great Gatsby”  စာအုပ်ထဲက စကားဖြစ်တဲ့ “သူဟာ အပြာရောင် မြက်ခင်းပြင်တစ်လျှောက်လာခဲ့ပြီး သူ့ရဲ့အိပ်မက်တွေဆီကို ရောက်ဖို့  ကျိန်းသေလောက်အောင် နီးကပ်လာခဲ့ပြီ ”ဆိုတဲ့ စကားလေးကို ရေးထိုးထားပါတယ်။

၁၂။ အိမ်ရဲ့ အိမ်တွင်းရုပ်ရှင်ရုံမှာ ဧည့်သည် အယောက် ၂၀ ခန့် အေးအေးဆေးဆေး အနားယူပြီး ရုပ်ရှင်ကြည့်နိုင်ပါတယ်။

အိမ်တွင်းရုပ်ရှင်ရုံကို အသေးစိတ် အတွင်းဒီဇိုင်းဆင်ယင်ထားပြီး သက်တောင့်သက်သာရှိတဲ့ ကူရှင်ခုံများအပြင် ပြောင်းဖူးပေါက်ပေါက်ဆုတ် ထုတ်ပေးတဲ့ စက်များရှိပါတယ်။

၁၃။ အားကစားရုံနဲ့ လှေဆိပ်များထားရှိဖို့အတွက် ဘီလ်ဂိတ်ဟာ အရင် အိမ်ဟောင်းကို ဖျက်ခဲ့ရပါတယ်။

ခြံဝင်းထဲမှာ ရှိတဲ့ အားကစားရုံရဲ့ ဘေးမှာ ၇၀၀ စတုရန်းပေ ရှိတဲ့ လှေဆိပ်လည်း ရှိပါတယ်။

၁၄။ ဧည့်ရိပ်သာကို အိမ်မကြီးမှာကဲ့သို့ နည်းပညာမြင့် ပစ္စည်းများဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

US News သတင်းစာအရ ဘီလ်ဂိတ်ရဲ့ စံအိမ်ထဲမှာ ပထမဆုံးပြီးခဲ့တဲ့ အဆောက်အဦးဟာ ဧည့်ရိပ်သာဖြစ်ပြီး ၁၉၀၀ စတုန်းရန်း ကီလိုမီတာရှိတဲ့ ဒီဧည့်ရိပ်သာမှာလည်း အိမ်မ ကြီးမှာကဲ့သို့ နည်းပညာမြင့်ပစ္စည်းများဖြင့် တည်ဆောက်ထားတာ ဖြစ်ပါတယ်။

၁၅။ ဘီလ်ဂိတ်ရဲ့ ကားဂိုထောင်ဟာ ကား ၂၃ စီးအထိ ထားနိုင်ပါတယ်။

ဘီလ်ဂိတ်ရဲ့ ခြံထဲမှာ ကားဂိုထောင်များအသီးသီးရှိကြပြီး ဘီလ်ဂိတ်ရဲ့ အိမ်အောက်မှာ ကား ၁၀ စီးခန့် ရပ်နားနိုင်တဲ့ မြေအောက်ကားဂိုထောင် တစ်ခုရှိပါတယ်။

၁၆။ ဘီလ်ဂိတ် အကြိုက်ဆုံး သစ်ပင်ကို ၂၄ နာရီ မီးထွန်းထားပါတယ်။

ဘီလ်ဂိတ်ဟာ သူ့အိမ်မှာ နေထိုင်ရင်း ခြံဝင်းထဲမှာ ပေါက်နေတဲ့ အနှစ် ၄၀ သက်တမ်းရှိ မေပယ်လ်ပင် (အရွက်တွင် အစွန်းငါးခု ပါသည့် အပင်) ကိုကြည့်ရတာ နှစ်သက်တဲ့အတွက် ၂၄ နာရီမီးထွန်းထားပြီး ကွန်ပျုတာ စနစ်ဖြင့် စောင့်ကြည့်ကာ အပင်အရမ်းခြောက်သွေ့လွန်းရင် အလိုအလျောက် ရေဖျန်းပေးတဲ့စနစ်ကို တပ်ဆင်ထားပါတယ်။

၁၇။ လူလုပ်စမ်းချောင်းတစ်ခု ထည့်သွင်း တည်ဆောက်ထားခြင်း။

ခြံနောက်ဘက်မှာရှိတဲ့ နံရံကြောင့် ရေလျှံလာမယ်ဆိုရင် ရေစီးသွားဖို့အတွက် လူလုပ်စမ်းချောင်းတစ်ခုကိုလည်း ဆောက်လုပ်ထားပြီး  ဒီစမ်းချောင်းထဲမှာ ဆယ်လမွန်ငါးများနဲ့ ထရောက်ငါးများကို မွေးမြုထားပါတယ်။

၁၈။ ဘီလ်ဂိတ်အိမ်ရှေ့ ကမ်းခြေက သဲများဟာ ကာရေဘီယံဒေသမှ တင်ပို့ထားတာဖြစ်ပါတယ်။

ကာရေဘီယန်ဒေသရှိ ကျွန်းနိုင်ငံဖြစ်တဲ့ စိန့်လူစီယာမှ တင်ပို့တဲ့ သဲများနဲ့ ဘီလ်ဂိတ် အိမ်ခြေက ကမ်းခြေကို ခင်းထားတာဖြစ်ပါတယ်။

၁၉။ ဘီလ်ဂိတ်ရဲ့ အိမ်ကို လည်ပတ်ဖို့အတွက် ဒေါ်လာ ၃ သောင်းခွဲ ကုန်ကျခံတဲ့သူတွေရှိပါတယ်။

Microsoft ကနေ ကြီးမှူးကျင်းပတဲ့ လေလံပွဲတွေမှာ အလုပ်သမားတွေဟာ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို လာရောက်ရောင်းချပြီး Microsoft ရဲ့ပရဟိတအဖွဲ့ကို လှူဒါန်းကြပါတယ်။ အရင်က ဘီလ်ဂိတ်ကိုယ်တိုင်လည်း Xanadu 2.0 စံအိမ်ကို သီးသန့်လည်ပတ်ခွင့်အတွက် လေလံတင်ပေးခဲ့ပြီး Microsoft မှဝန်ထမ်းတစ်ယောက်ဟာ ဒေါ်လာ ၃ သောင်းခွဲနဲ့ လေလံအောင်ခဲ့ပြီး ဘီလ်ဂိတ်ရဲ့ အိမ်ကိုသီးသန့်လည်ပါတ်ခွင့်ရခဲ့ပါတယ်။

Ref : Business Insider Knowledge : Bill Gates Washington Mansion

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top