အတန်းထဲက တပည့်တိုင်းအတွက် ဆရာမရဲ့ လက်ဆောင်မွန်

11796879205c3bd6abce785737acee.jpg

ဖိလစ်ပိုင်နိုင်ငံ၊ ကာဘိုင်ယိုမြို့မှာရှိတဲ့ Holy Redeemer ကျောင်းက ကိုးတန်းကျောင်းသား/သူလေးတွေဟာ ကျောင်းပိတ်ရက် ကုန်ဆုံးပြီးလို့ ကျောင်းပြန်တက်ကြတဲ့နေ့မှာ သူတို့ တစ်ယောက်ချင်းစီရဲ့ ခဲပန်းချီ ပုံတူတွေကို စားပွဲခုံတိုင်းမှာ တအံ့တဩ တွေ့လိုက်ကြရပါတယ်။ ဒီပုံတွေအားလုံးကို သူတို့ရဲ့ အင်္ဂလိပ်စာ ဆရာမဖြစ်သူက ဒီဇင်ဘာလ တစ်လလုံး အချိန်ယူပြီး တိတ်တိတ်လေး ရေးဆွဲပေးထားခဲ့တာပါ။

အသက် (၃၅) နှစ်အရွယ် အင်္ဂလိပ်စာ ဆရာမ ရို့စ်လင်း ဘာကွန်မာ (Roselyn Barcoma) က Holy Redeemer ကျောင်းမှာ ခြောက်တန်းနဲ့ ကိုးတန်းကျောင်းသူ/သားတွေကို အင်္ဂလိပ်စာ ဘာဘာရပ် သင်ကြားပေးနေသူဖြစ်ပြီး ခရစ္စမတ် ကျောင်းပိတ်ရက်ပြီးဆုံးလို့ ကျောင်းပြန်တက်လာကြတဲ့ သူ့ရဲ့ ကျောင်းသူ/သားတွေအတွက် အံ့ဩမင်သက်သွားစရာ လက်ဆောင်တစ်ခုကို သူက အခုလိုဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

“ခုံပေါ်က ပုံတူတွေကို သူတို့မြင်သွားကြတဲ့အချိန်မှာ အံ့ဩနေကြပြီး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတာပဲ..ပြီးတော့မှ အားလုံးက ‘ဝါး ကျေးဇူးပါ တီချယ် ရို့စ်’ ဆိုပြီးပြောကြတယ်” လို့ ဘာကွန်မာက BBC ကို ပြောပြပါတယ်။

“ပုံဆွဲတာကို ကျွန်မ ငယ်ငယ်ကတည်းက ဝါသနာပါတယ်လေ … ကျွန်မရဲ့ လက်ရာတွေကို လူတွေ လေးစား သဘောကျသွားတာမျိုးကို ခံစားချင်လို့ ငယ်ငယ်တုန်းကတော့ ရုပ်ပြဆွဲတဲ့သူတောင် ဖြစ်ချင်ခဲ့တာ” လို့ ဘာကွန်မာက ပြောပြပါတယ်။

ဘာကွန်မာဟာ သူဆွဲထားတဲ့ ပုံတူတွေရဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပြီး အဲဒီနောက် မကြာခင်မှာပဲ ဖိလစ်ပိုင် သတင်းဝက်ဘ်ဆိုက် Rappler က ဒီအကြောင်းကို ရေးသားဖော်ပြခဲ့ကာ Rappler ရဲ့ ဖေ့စ်ဘွတ်ခ် ပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀,၀၀၀ ကျော်ထိ ရှိခဲ့ပါတယ်။

တစ်တန်းလုံးအတွက် ပုံတူဆွဲပေးတာဟာ ဆရာမ ဘာကွန်မာအတွက်တော့ ဒါက ပထမဆုံးပါပဲ။ “သင်ယူလေ့လာဖို့ နိုးကြား တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်လောက်တဲ့ ထူးထူးခြားခြား၊ မှတ်မှတ်သားသား ဖြစ်စရာတစ်ခုခုကို သူတို့အတွက် ဖန်တီးပေးချင်နေခဲ့တာလေ…သူတို့လေးတွေရဲ့ အပြုံးတွေကို မြင်လိုက်ရတာမို့ ကျွန်မ ပင်ပန်းရကျိုးလည်းနပ်ပါတယ်” လို့ ဘာကွန်မာက ပြောပြပါတယ်။

ကျောင်းသားတွေထဲကတစ်ဦးဖြစ်တဲ့ (၁၅) နှစ်သား မိုက်ကယ် ရိန် အာဂါနိုဆာ (Michael Rei Arganosa) က “ဒါက တီချယ် ရို့စ်ကိုယ်တိုင် ဆွဲပေးတဲ့ပုံဖြစ်ရုံမကဘဲ ကျွန်တော်တို့အတွက် သူ တသီးတသန့် ဖန်တီးပေးတဲ့ အမှတ်တရလည်း ဖြစ်နေတာမို့ လုံးဝထူးခြားတဲ့ လက်ဆောင်တစ်ခုပါပဲ” လို့ အပြုံးတွေနဲ့ ဆိုပါတယ်။

ဆက်လက်ပြီး မိုက်ကယ်က “သူက စာသင်ခန်းထဲမှာတော့ စရိုက်နှစ်မျိုးဗျ…အရမ်းစည်းကမ်းကြီးတတ်ပေမဲ့ တစ်ဘက်မှာကျ ရယ်စရာကောင်းတယ်…စာသင်ရင် ကျွန်တော်တို့ မငြီးငွေ့နေအောင် ရယ်စရာလေးတွေပြောပြီး သင်တတ်သေးတယ်လေ” ပြောပြပါသေးတယ်။

ဆရာမ ဘာကွန်မာရဲ့ လုပ်ဆောင်ချက်ကို တခြားဆရာတွေ၊ ကျောင်းသားတွေနဲ့ ပန်းချီဆရာတွေကပါ ဂုဏ်ပြု ချီးမွမ်းစကားဆိုခဲ့ကြပြီး သူကတော့ ” ကျောင်းသားတွေ ပျော်သွားဖို့လောက်ပဲ ရည်ရွယ်ပြီးဆွဲခဲ့တာ… ဒါပေမဲ့ အခု ကျွန်မရဲ့ပုံတူပန်းချီတွေကို လူအများကြီးက ဝိုင်းပြီး ချီးမွမ်းနေကြတော့လည်း ပျော်ရပါတယ်” လို့ ပြောပြခဲ့ပါတယ်။

စာဖတ်သူတို့အနေနဲ့ကော ကိုယ့်ရဲ့ ဆရာသမား တစ်ဦးဦးဆီကနေ အမှတ်တရလက်ဆောင် တစ်ခုခုကို ရခဲ့ဖူးပါသလား။ ရခဲ့ဖူးရင်ကော ဘယ်လိုလက်ဆောင်မျိုး ဖြစ်ခဲ့မလဲဗျ…။

Ref: BBC “Teacher sketches portraits of entire class of 27 pupils”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top