ONE Championship ၏ အကောင်းဆုံး အလယ်အာရှ ကစားသမားများ

yyl-014-14.jpg

အလယ်အာရှ (Central Asia) ဆိုသည်မှာ အာရှတိုက်၏ အလယ်ပိုင်းတွင် ရှိသော ဒေသတစ်ခု ဖြစ်ပြီး ယခင် ဆိုဗီယက် ပြည်ထောင်စုတွင် ပါဝင်ခဲ့သော နိုင်ငံငယ်များ တည်ရှိရာ နေရာဖြစ်သည်။ ယင်းဒေသတွင် ပါဝင်သော နိုင်ငံများမှာ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တာ့ခ်မင်နစ်စတန်နှင့် ဥဇဘက်ကစ္စတန် နိုင်ငံများ ဖြစ်ကြသည်။ အဆိုပါ နိုင်ငံများသည် အားကစား သမားကောင်းများ ပေါများစွာ ထွက်ရှိသည့် ဒေသတစ်ခု ဖြစ်ပြီး ONE Championship ပြိုင်ပွဲတွင်လည်း ယင်းနိုင်ငံများမှ ကစားသမား အများအပြား ပါဝင်ယှဉ်ပြိုင်လျက် ရှိရာ ၎င်းတို့ထဲမှ အကောင်းဆုံး ကစားသမား အချို့ အကြောင်း စုစည်းတင်ပြ လိုက်ရပါသည်။

၁။ အောင်လအန်ဆန်ကို စိန်ခေါ်လိုသည့် Abbasov

ONE ဝယ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်း တွင်မှ သိမ်းပိုက်ထားသည့် ကာဂျစ်စတန်သား Kiamrian “Brazan” Abbasov သည် ၎င်း၏ ချန်ပီယံဆုကို လက်ခံ ပြီးပြီးချင်း အောင်လအန်ဆန်နှင့် ရင်ဆိုင်လိုသည်ဟု တရားဝင် ထုတ်ဖော် ပြောကြား ခဲ့ဖူးသူ ဖြစ်သည်။ အသက် ၂၆ နှစ်ရှိသူ Abbasov သည် ကာဂျစ်စတန် အကောင်းဆုံး အားကစား သမားဆုနှင့် Prime Selection GP ရှုံးထွက်ပြိုင်ပွဲ ဝယ်တာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးပြီး နောက်ဆုံး ကစားထားသည့် ၄ ပွဲဆက်တိုက် အနိုင် ရထားသည်။ ကစားသမား ဘဝတစ်လျှောက် တွင်လည်း ၂၂ ပွဲအထိ အနိုင်ရထားပြီး ၄ ပွဲသာ ရှုံးနိမ့်ခဲ့ဖူးသူလည်း ဖြစ်သည်။

ငယ်စဉ် ကတည်းက ဖခင်မရှိဘဲ မိခင်၏ သူနာပြုဆရာမ၏ ကျွေးမွေး စောင့်ရှောက်မှုဖြင့် ကြီးပြင်းလာခဲ့ရသူ Abbasov သည် စားဝတ် နေရေး အတွက် ဓာတ်ဆီဆိုင်နှင့် ဈေးဆိုင်များတွင် အလုပ်ဝင်လုပ် ခဲ့ရဖူးသည်။ Abbasov ၏ ငယ်စဉ်က ဝါသနာမှာ ဘောလုံး အားကစား ဖြစ်သော်လည်း ဦးလေး ဖြစ်သူ Kickboxing သမား၏ လေ့ကျင့် သင်ကြား ပေးမှုအောက်တွင် ကိုယ်ခံပညာ အားကစား သမား ဖြစ်လာခဲ့သည်။ အသက် ၁၈ နှစ် မပြည့်မီ ကတည်းက ကြိုးဝိုင်းထဲ ရောက်ရှိခဲ့ဖူးသူ Abbasov သည် ဒေသတွင်း ပြိုင်ပွဲများတွင် ၁ဝ ပွဲ ဆက်တိုက် အနိုင်ရခဲ့ သောကြောင့် ONE Championship သို့ ခေါ်ယူစာချုပ်ခြင်း ခံခဲ့ရသူ ဖြစ်သည်။

၂။ နပမ်းချုပ်ကွက်ဘုရင် Kichigin

ကာဇက်စတန် နိုင်ငံမှ FNG ပြိုင်ပွဲတွင် ဝယ်တာဝိတ်တန်း ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် ယင်းနိုင်ငံသား Georgiy “Knight” Kichigin သည် ONE Championship တွင် တစ်ပွဲသာ ပါဝင်ယှဉ်ပြိုင်ထားသော်လည်း ဝယ်တာဝိတ်တန်း ချန်ပီယံကို စိန်ခေါ်သူ ဖြစ်ခဲ့သည်။ နောက်ဆုံး ကစားခဲ့သည့် ပွဲပေါင်း ၁၈ ပွဲတွင် တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန်ပွဲအားလုံး အနိုင်ရထားသူ Kichigin သည် ယခင် ဝယ်တာဝိတ်တန်း ချန်ပီယံ Zebaztian Kadestam ကို စိန်ခေါ်ခဲ့ခြင်း ဖြစ်သည်။ အနိုင်ရခဲ့ပါက ONE ၏ ချန်ပီယံသစ် ဖြစ်လာနိုင်သော်လည်း ၂ဝ၁၄ ခုနှစ် နောက်ပိုင်း ၎င်း၏ ပထမဆုံး ရှုံးနိမ့်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။ အသက် ၃ဝ ရှိသူ Kichigin သည် ကစားသမား ဘဝ တစ်လျှောက် ၂၃ ပွဲ နိုင်ခဲ့ပြီး ၆ ပွဲသာ ရှုံးနိမ့်ခဲ့သည့် နိုင်ပွဲ ၁၇ ပွဲကို ချုပ်ကွက်ဖြင့် နိုင်ခဲ့ခြင်းဖြစ်သဖြင့် နပမ်းချုပ်ကွက်ဘုရင် ဟုလည်း ခေါ်ကြသည်။

Kichigin ၏ ငယ်ဘဝ သည် မောင်နှမ များပြားခြင်း၊ ဖခင် ကွယ်လွန်သွားခြင်း၊ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခြင်း စသည့် အကြပ် အတည်းများကြောင့် ပင်ပန်းဆင်းရဲ ခဲ့သည်။ ၎င်း၏ မိခင်ကိုယ်တိုင် သားသမီးများကို ကျွေးမွေးနိုင်ရန် ကာဇက်စတန် စစ်တပ်ထဲ ဝင်ခဲ့ပြီး တစ်မိသားစုလုံး စစ်တပ်ထဲတွင် ကြီးပြင်းလာ ခဲ့ရသည်။ သို့သော် ယင်းအချက်ကပင် Kichigin ကို အခြေခံ ကိုယ်ခံပညာ သင်ယူနိုင်စေ ခဲ့သည့် အခွင့်အရေး ဖြစ်ခဲ့ပြီး အရွယ်ရောက် လာသည့်အခါ ၎င်းကိုယ်တိုင် စစ်မှုဝင်ထမ်းခဲ့သည်။ လက်နက်ကိုင် တပ်ဖွဲ့များ ကိုယ်ခံပညာ ပြိုင်ပွဲ၊ လေတပ် ကိုယ်ခံပညာ ပြိုင်ပွဲ စသည်တို့တွင် ချန်ပီယံ ဖြစ်ခဲ့သည့် Kichigin သည် တပ်က ထွက်ပြီးနောက်တွင် ကိုယ်ခံပညာ အားကစားလောကထဲ ခြေစုံပစ်ဝင်ကာ ထူးချွန်သည့် ကိုယ်ခံပညာရှင် တစ်ယောက် ဖြစ်လာခဲ့သည်။

၃။ ၂၃ ပွဲဆက်တိုက် နိုင်ဖူးသူ Akhmetov

ONE ဖလိုင်းဝိတ်တန်း ချန်ပီယံဟောင်း ကာဇက်စတန် နိုင်ငံသား Kairat “The Kazakh” Akhmetov သည်လည်း ဂရိကို-ရိုမန် နပမ်း သမားဟောင်း တစ်ဦး ဖြစ်သည်နှင့်အညီ နပမ်းချုပ်ကွက်ဖြင့် ပွဲပေါင်းများစွာ အနိုင်ယူခဲ့ ဖူးသူဖြစ်သည်။ ၎င်း၏ ထူးခြားသော မှတ်တမ်းမှာ ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမား ဘဝ စတင်သည့် ပထမဆုံး ပွဲမှ ၂၃ ပွဲမြောက် ပွဲအထိ လုံးဝ ရှုံးနိမ့်ခဲ့ခြင်း မရှိဘဲ ဆက်တိုက် အနိုင်ယူ နိုင်ခဲ့ခြင်း ဖြစ်သည်။ အသက် ၃၂ နှစ် အရွယ် Akhmetov ၏ ကစားသမား ဘဝ တစ်လျှောက် ပွဲပေါင်း ၂၆ ပွဲ အနိုင်ရခဲ့ပြီး ၂ ပွဲသာ အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်။ နိုင်ပွဲ တစ်ဝက်ဖြစ်သည့် ၁၃ ပွဲမှာ မြေပြင် ချုပ်ကွက်ဖြင့် နိုင်ခဲ့ခြင်း ဖြစ်သည်။

ဂရိကို-ရိုမန် နပမ်း အပျော်တမ်း ချန်ပီယံ တစ်ဦး၏ သားဖြစ်သူ Akhmetov သည် ငယ်စဉ်က ဘောလုံးနှင့် ရပ်ဘီ အားကစား ကိုသာ ပိုမို စိတ်ဝင်စား ခဲ့သော်လည်း အသက် ၁၂ နှစ်မှ စပြီး နပမ်းပညာကို စိတ်ဝင်စား ခဲ့သည်။ ဖခင်၏ အနီးကပ် သင်ကြားပေးမှုကြောင့် ၂ဝဝ၂ တွင် ကာဇက်စတန် အငယ်တန်း ချန်ပီယံဆု၊ ၂ဝဝ၃ တွင် အာရှ အငယ်တန်း ချန်ပီယံ ဆုများ ရရှိခဲ့ပြီး ၂ဝဝ၉၊ ၂ဝ၁ဝ နှင့် ၂ဝ၁၁ သုံးနှစ် ဆက်တိုက် ကာဇက်စတန် ချန်ပီယံ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ခြေစုံပစ် ဝင်ခဲ့ရာ ၂၂ ပွဲ ဆက်တိုက် အနိုင်ရခဲ့ သဖြင့် ONE Championship သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

၄။ ဆမ်ဘို ကမ္ဘာ့ ချန်ပီယံ Gafurov

ဆိုဗီယက် ကိုယ်ခံပညာ ဆမ်ဘို အတိုက် အားကစားတွင် ကမ္ဘာ့ ချန်ပီယံ ဖြစ်ခဲ့ဖူးသည့် တာဂျစ်ကစ္စတန် ကစားသမား Muin “Tajik” Gafurov သည် အသက် ၂၄ နှစ်သာ ရှိသေးပြီး အလားအလာ ကောင်းသည့် လူငယ် ကစားသမား တစ်ဦးဖြစ်သည်။ နောက်ဆုံး ကစားခဲ့သည့် ပွဲတွင် UFC နာမည်ကြီး ကစားသမားဟောင်း John Lineker ကို အပြန်အလှန် ယှဉ်ပြိုင်ခဲ့ပြီး အမှတ်ဖြင့်သာ ရှုံးနိမ့်ခဲ့သည့် Gafurov သည် ယင်းပွဲမတိုင်မီက ၅ ပွဲ ဆက်တိုက် အနိုင်ရခဲ့သည်။ ကစားသမား ဘဝ တစ်လျှောက် ၁၆ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင် ထားသူ Gafurov သည် နယူးယောက်နှင့် ဖူးခက်တို့တွင် လေ့ကျင့်ရေး စခန်းဝင်ပြီး ယှဉ်ပြိုင်နေသူလည်း ဖြစ်သည်။

Gafurov ၏ ငယ်ဘဝသည် ဖခင်ဖြစ်သူ အသတ်ခံခဲ့ရ သဖြင့် ကြေကွဲဖွယ်ရာ အဖြစ်အပျက်များ ရှိခဲ့သည့်တိုင် ဆွေမျိုးများ၏ ဝိုင်းဝန်း စောင့်ရှောက်မှုကြောင့် ကောင်းမွန်စွာ ကြီးပြင်းခဲ့ရသည်။ ၎င်း၏ ဦးလေး ၄ ဦး စလုံးသည် ကိုယ်ခံပညာရှင်များ ဖြစ်ကြပြီး ဆွေမျိုးထဲမှ ယောကျ်ားလေး အားလုံး နီးပါးကလည်း ကိုယ်ခံပညာကို လိုက်စားကြသဖြင့် Gafurov ၏ ငယ်ဘဝ တစ်လျှောက် ကိုယ်ခံပညာနှင့် နေ့စဉ် ထိတွေ့ခဲ့ရသည်။ ထို့ကြောင့် ကမ္ဘာ့ ဆမ်ဘိုအတိုက် ပြိုင်ပွဲနှင့် FILA ကမ္ဘာ့ နပမ်းပြိုင်ပွဲ တို့တွင် ချန်ပီယံ ဆုများ သိမ်းပိုက် နိုင်ခဲ့ပြီး ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစား လောကထဲ ဝင်ရောက် လာနိုင်ခဲ့ခြင်း ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top