ONE: A NEW ERA တွင် မြင်တွေ့ရမည့် ကမ္ဘာ့ချန်ပီယံတို့၏ အကောင်းဆုံး ယှဉ်ပြိုင်ခဲ့သော ကစားပွဲများ

4edff257-1701-4d1c-b776-0392da440839.jpg

ONE Championship သည် ကမ္ဘာ့ထိပ်တန်းအဆင့်ပြိုင်ပွဲတစ်ရပ်ကို လာမည့် မတ်လ (၃၁) ရက်၊ တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ ယူဆောင်လာတော့မည်ဖြစ်သည်။ ကမ္ဘာ့အကြီးမားဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားအဖွဲ့အစည်းကြီးဖြစ်သော ONE Championship သည် နာမည်ကျော် Ryogoku Kokugikan အားကစားရုံကြီး၌ ရင်သပ်ရှုမောဖွယ်ယှဉ်ပြိုင်ပွဲကြီးအဖြစ် ကမ္ဘာ့ချန်ပီယံပွဲ (၄) ပွဲပါဝင်သော ONE: A NEW ERA ပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်သည်။

ONE Championship ဘန်တန်ဝိတ်၊ လိုက်ဝိတ်၊ မစ်ဒဲလ်ဝိတ်နှင့် အမျိုးသမီး စတောဝိတ် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ (၅) ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ယခုနှစ်တွင် ပထမဆုံးစတင်ကျင်းပမည့် အဆိုပါပြိုင်ပွဲ၏ တွဲဆိုင်းများအကြောင်း မဖော်ပြမီ ကမ္ဘာ့ချန်ပီယံ (၅) ဦး၏ ထိပ်တန်းစွမ်းဆောင်ချက်များကို ပြန်လည်ဖော်ပြပေးလိုက်ရပါသည်။

Amir Khan ကို လက်စွမ်းပြအနိုင်ယူခဲ့သည့် Eduard Folayang

မကြာသေးခင်က ယှဉ်ပြိုင်ခဲ့သော ကမ္ဘာ့ချန်ပီယံလုပွဲတွင် Eduard “Landslide” Folayang ၏ ထိပ်တန်းတိုက်ခိုက်မှုစွမ်းရည်ကို ပြသနိုင်ခဲ့သည် ပွဲတစ်ပွဲ ဖြစ်ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံဂုုဏ်ဆောင် ကိုယ်ခံပညာကစားသမား Eduard “Landslide” Folayang သည် နာမည်ကျော် စင်္ကာပူနိုင်ငံသား Amir Khan နှင့် ပြီးခဲ့သော နိုဝင်ဘာလအတွင်း ကျင်းပခဲ့သည့် ONE: CONQUEST OF CHAMPIONS ပြိုင်ပွဲကြီးတွင် အသေအကြေယှဉ်ပြိုင်ထိုးသတ်၍ ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့သည်။

Khan ၏ ပြင်းထန်လှသော လက်သီးချက်များသည် အကောင်းဆုံး တိုက်စစ်ဖြစ်ခဲ့သော်လည်း Folayang ၏ နည်းစနစ်ပေါင်းစုံ တွဲစပ်တိုက်ခိုက်မှုများက ပြိုင်ပွဲ၏ အဆုံးအဖြတ်ဖြစ်စေခဲ့သည်။ Folayangသည် ၎င်း၏ ဝူရှူးစွမ်းရည်ကို အပြည့်သုံးပြီး တရစပ်ထိုးနှက်တိုက်ခိုက်ခြင်းကြောင့် ပြိုင်ဘက်မှာ တန်ပြန်တိုက်စစ်ကိုသာ အားပြုရသည့် အခြေစိုက်သွားခဲ့သည်။

Folayang၏ ခြေကန်ချက်များက ပြိုင်ဘက်ကို အနီးမကပ်နိုင်ရန် ထိန်းချုပ်ထားနိုင်ခဲ့ပြီး တချို့သော ကန်ချက်များမှာ အံ့မခန်း တစ်ပတ်လှည့် နောက်ပြန်ကန်ချက်များဖြစ်ခဲ့သည်။ ထို့အပြင် အနီးကပ်ရင်ဆိုင်ထိုးသတ်မှုတွင်လည်း Folayang သည် ပြိုင်ဘက်အား လက်သီးချက်များဖြင့် အထိနာစေခဲ့သည်။ ပွဲ၏ အကောင်းဆုံး အထွဋ်အထိပ်သည် နှစ်ဦးသားလုံးထွေးသွားချိန်တွင် Folayang ၏ ချုပ်ကိုင်နိုင်စွမ်းဖြစ်သည်။

အဆင့်အတန်းမြင့်မားလှသောယှဉ်ပြိုင်တိုက်ခိုက်မှုများဖြင့် (၅ ချီထိုးသတ်အပြီးတွင် ဒိုင်အားလုံး၏ တညီတညွှတ်တည်းပေးခဲ့သော အမှတ်ဖြင့် အနိုင်ပေးခဲ့ခြင်းကြောင့် လိုက်ဝိတ်ကမ္ဘာ့ ချန်ပီယံခါးပတ်ကို Folayang သိမ်းပိုက်နိုင်ခဲ့သည်။

မကြာခင်ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် Folayangသည် ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် ကာကွယ်ပွဲအဖြစ် Shinya Aoki နှင့် ထိုးသတ်မည်ဖြစ်သည်။

Mei Yamaguchi ကို အနိုင်မခံ အရှုံးမပေးစိတ်ဓါတ်ဖြင့် အနိုင်ယူခဲ့သူ Angela Lee

၂၀၁၆ ခုနှစ်၊ မေလက ကျင်းပခဲ့သော ONE: ASCENT TO POWER ပြိုင်ပွဲကြီးတွင် စင်္ကာပူနိုင်ငံသူ “Unstoppable” Angela Lee နှင့် ဂျပန် ကစားသမား Mei “V.V.” Yamaguchi တို့သည် လွန်စွာစိတ်လှုပ်ရှားစရာကောင်းသော (၅) ချီယှဉ်ပြိုင်မှုဖြင့် တစ်နှစ်တာအတွက် အကောင်းဆုံးထိုးသတ်ပွဲဆုကို ရရှိခဲ့သည်။

ထိုအချိန်က အသက် (၂၀) သာရှိသေးသည့် Angela Lee သည် ငါးပွဲဆက်အနိုင်ရထားသည်။ သို့သော် နာမည်ကျော် ဂျပန်အားကစားမယ်နှင့် ယှဉ်ပြိုင်ရမည့်ပွဲသည် ၎င်း၏ အားကစားသမား သက်တမ်းတစ်လျှောက် အကြမ်းတမ်းဆုံး စမ်းသပ်မှုတစ်ခုဖြစ်လာမည်ကို သဘောပေါက်ခဲ့သည်။ ၎င်းတို့နှစ်ဦး၏ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်မှုမှာအလွန်စိတ်လှုပ်ရှားစရာ ကောင်းလွန်းသောကြောင့် စင်္ကာပူ အားကစားရုံတွင်းမှ အားကစားပရိသတ်များမှာ ပွဲအဆုံးသတ်သွားမည်ကိုပင် စိုးရိမ်မိသည့် အလားဖြစ်ခဲ့ကြရသည်။

ယှဉ်ပြိုင်ထိုးသတ်ရာတွင် ပိုမိုသပ်ရပ်ကောင်းမွန်သည့် ထိုးနှက်တိုက်ခိုက်မှုများကြောင့် Yamaguchi က အသာစီးရနေခဲ့သည်။ တတိယအချီတွင် စင်္ကာပူ အားကစားသမား Angela Lee အနည်းငယ် အသာရသလိုရှိခဲ့သော်လည်း Yamaguchi က ပြင်းထန်အားပါသည့် ညာလက်သီးပစ်သွင်းပြီး Angela Lee ကို ကြမ်းပြင်နှင့် မိတ်ဆက်ပေးခဲ့သည်။

ပြိုင်ပွဲအခြေအနေမှာ ဂျပန်အားကစားမယ်၏ လက်ထဲတွင် ရှိနေပုံပေါ်နေခဲ့သည်။ သို့သော်လည်း Lee က ၎င်း၏ အနိုင်မခံအရှုံးမပေးစိတ်ဓါတ် မည်မျှပြင်းထန်ကြောင်း ကမ္ဘာ့ပရိသတ်များကို ပြသခဲ့သည်။ Lee က ၎င်း၏ချုပ်ကိုင်မှုအစွမ်းကို အသုံးချပြီး ပြိုင်ပွဲ၏အဖြေကို ပြောင်းလဲခဲ့သည်။

နောက်ဆုံးတွင် ဒိုင်များ၏ အမှတ်အဆုံးအဖြတ်ဖြင့် အိမ်ရှင်ကစားသမား Lee အနိုင်ရခဲ့ပြီး ONE အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ဆွတ်ခူးခဲ့သည်။ ယခုအချိန်အထိ Lee သည် ၎င်းဝိတ်တန်းတွင် ဗိုလ်စွဲနေဆဲဖြစ်သည်။ ဝိတ်တန်းတက်ပြီးနောက်ထပ်ကမ္ဘာ့ချန်ပီယံတစ်ယောက်ကို စိန်ခေါ်မည့် Lee သည် ပိုမိုကြီးမားခက်ခဲသည့် စမ်းသပ်မှုနှင့် ရင်ဆိုင်ရဦးမည်ဖြစ်သည်။

Laura Balin ကို အသာစီးဖြင့် အနိုင်ယူခဲ့သူ Xiong Jing Nan

ပြီးခဲ့သော ဇွန်လက ကျင်းပခဲ့သည့် ONE: PINNACLE OF POWER ပြိုင်ပွဲတွင် “The Panda” Xiong Jing Nan သည် ၎င်း၏ ONE အမျိုးသမီး စတောဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲကို ပထမဆုံးအကြိမ်ထိုးသတ်ခဲ့ပြီး အံ့မခန်းစွမ်းဆောင်မှုကို ပြသခဲ့သည်။

စိန်ခေါ်သူ အာဂျင်တီးနားအားကစားသမား Laura “La Gladiadora” Balin အား အနိုင်ယူကာ Xiong Jing Nan သည် ၎င်း၏ ထိပ်တန်းအမျိုးသမီး စတောဝိတ်ချန်ပီယံအဖြစ် ရပ်တည်မှုကို ခိုင်မာစေခဲ့သည်။

စိန်ခေါ်သူ Balin သည် ချုပ်ကွက်ပွဲသိမ်းတိုက်ကွက်များနှင့် နာမည်ကျော်ခဲ့ပြီး ချန်ပီယံ Xiong Jing Nan ကို ဖမ်းချုပ်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် အနီးကပ်နိုင်ရန် ရည်ရွယ်လှုပ်ရှားလာသော Balin ၏ အစောပိုင်းတိုက်ခိုက်မှုများအား ကာကွယ်၍ တန်ပြန်အချုပ်စွမ်းရည်ဖြင့် ၎င်းသည် လက်ရှိကမ္ဘာ့ချန်ပီယံဖြစ်ကြောင်း Xiong Jing Nan က အကောင်းဆုံးပြသနိုင်ခဲ့သည်။

တောင်အမေရိကပြိုင်ဘက် Balin အား တရုတ်အားကစားသမား Xiong Jing Nan က ကြမ်းပြင်ပေါ်လှဲချနိုင်ခဲ့ပြီး မြေပြင်တိုက်ခိုက်မှု နည်းစနစ်များစွာဖြင့် အစွမ်းပြခဲ့သည်။ Balin က တစ်နည်းတစ်ဖုံကြိုးစားမည်ကြံရွယ်လိုက်တိုင်း Xiong Jing Nan က မည်သို့တုံ့ပြန် တိုက်ခိုက်ရမည်ကို သိရှိထားသည့်ပုံဖြစ်နေခဲ့သည်။

ထိုးနှက်တိုက်ခိုက်မှုများနှင့် ချုပ်ကိုင်ထိန်းချုပ်မှု ၂ မျိုးစလုံးတွင် Xiong Jing Nan က အသာစီးရခဲ့ပြီး ပွဲပြီးချိန်တွင် ဒိုင်အားလုံး၏ တညီတညွှတ်တည်း အနိုင်ပေးသည့်အမှတ်ဖြင့် အနိုင်ရခဲ့သည်။ ယခုဂျပန်ပြိုင်ပွဲတွင် ၎င်းသည် အက်တမ်ဝိတ်တန်း ဘုရင်မဖြစ်သူ Lee နှင့် ချန်ပီယံကာကွယ်ပွဲထိုးသတ်မည်ဖြစ်သည်။

Vitaly Bigdashကို ပြတ်ပြတ်သားသား အနိုင်ယူခဲ့သူ အောင်လအန်ဆန်

အောင်လ၏ ပထမဆုံးအကြိမ် ONE ကမ္ဘာ့ချန်ပီယံလုပွဲတွင် ထိုအချိန်က မစ်ဒယ်ဝိတ်တန်းဘုရင် Vitaly Bigdash နှင့် ထိုးသတ်ခဲ့ရာတွင် အောင်လအန်ဆန် ရှုံးနိမ့်ခဲ့ရသည်။

ထိုကဲ့သို့ ရှုံးနိမ့်ခဲ့ရသော်လည်း ၎င်း၏ စွမ်းဆောင်ရည်မှာ အံ့မခန်းဖြစ်ခဲ့ပြီး ချန်ပီယံနှင့် နောက်တစ်ကြိမ်ပြန်လည်ယှဉ်ပြိုင်နိုင်သည့် အနေအထားတွင် ရှိခဲ့သည်။ လေ့ကျင့်မှုအပြည့်အဝယူပြီး ချန်ပီယံကို ထပ်မံစိန်ခေါ်ခဲ့ရာ မြန်မာ့စပါးအုံးသည် ၎င်း၏ ဒုတိယအခွင့်အရေးကို မိမိရရအသုံးချနိုင်ခဲ့သည်။

တစ်ခဲနက်အားပေးနေကြသော မြန်မာပရိသတ်၏ အသံသည် သုဝဏ္ဏအားကစားရုံအတွင်း မိုးထိညံနေခဲ့ပြီး ONE: LIGHT OF A NATION ပြိုင်ပွဲကြီး၌ Bigdash နှင့် ပြန်လည်ယှဉ်ပြိုင်မှုတွင် အောင်လအန်ဆန်သည် အကောင်းဆုံးယှဉ်ပြိုင်ကာ ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ကို အမိမြေပေါ်တွင် ဆွတ်ခူးနိုင်ခဲ့သည်။

အဖွင့်အချီတွင် Bigdash အား ပြင်းထန်အားပါလှသည့် ခြေကန်ချက်ဖြင့် အောင်လအန်ဆန် ကြမ်းပြင်ပေါ်လဲကျစေခဲ့ပြီး ပထမအချီအလဲထိုးအဖြစ် ဖိအားပေးထိုးသတ်ခဲ့သည်။ သို့သော် Bigdash က ချန်ပီယံသွေးကို ပြသကာ ပထမအချီကို ကျော်ဖြတ်နိုင်ခဲ့ပြန်သည်။

ဒုတိယအချီအစတွင် ရုရှားအားကစားသမား Bigdash သည် သူ့၏နပမ်းနှင့် ကြမ်းပြင်ပေါ် တွန်းလှဲချသည့်နည်းစနစ်များကို အသုံးပြုလာခဲ့သည်။ အောင်လအန်ဆန်က ရပ်လျက်ယှဉ်ပြိုင်ထိုးသတ်မှုတွင် အသာစီးဖြင့် ကစားနေခဲ့သည်။ နှစ်ဦးထိုးသတ်ယှဉ်ပြိုင်မှုမှာ အကြိတ်အနယ်ဖြစ်ခဲ့သည်။

သို့သော် အောင်လအန်ဆန်၏ ထိုးနှက်တိုက်ခိုက်မှုများမှာ အသာစီးရရှိမှုကို ထင်ရှားစေခဲ့သည်။ ထို့ကြောင့် ၂၀၁၇ခုနှစ်၊ ဇွန်လအတွင်း ကျင်းပခဲ့သော အဆိုပါပြိုင်ပွဲကြီး၌ ဒိုင်သုံးဦးစလုံး၏ ဆုံးဖြတ်ချက်ဖြင့် အောင်လအန်ဆန်သည် အနိုင်ရရှိသူဖြစ်ပြီး ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ယခုဂျပန်နိုင်ငံတွင် ကျင်းပမည့် ONE: A NEW ERA ပြိုင်ပွဲကြီးတွင် မြန်မာ့ဂုဏ်ဆောင်ကစားသမား အောင်လအန်ဆန်သည် နောက်ထပ် ပြန်လည်ယှဉ်ပြိုင်သည့် ပြိုင်ပွဲတစ်ပွဲအဖြစ် Ken Hasegawa နှင့် ထိုးသတ်မည်ဖြစ်သည်။

Bibiano Fernandes ကို အကြိတ်အနယ်ကစားပြီးအနိုင်ရခဲ့သူ Kevin Belingon

ONE Championship ၏ ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Bibiano “The Flash” Fernandes နှင့် ဒုတိယအကြိမ်ပြန်လည်ထိုးသတ်ရန် Kevin “The Silencer” Belingon သည် သုံးနှစ်သုံးမိုး အချိန်ယူခဲ့ရသည့်အပြင် ခြောက်ပွဲဆက်တိုက် အနိုင်ကစားခဲ့ရသည်။

ပထမအကြိမ်အဖြစ် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလအတွင်းက မိမိအား ပြတ်ပြတ်သားသား အနိုင်ယူခဲ့သည့် လက်ရှိချန်ပီယံနှင့် ပြန်လည်ယှဉ်ပြိုင်ရန် ကာလကြာမြင့်စွာစောင့်ဆိုင်းခဲ့ရသည့် Bibiano သည် ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလအတွင်း ရှုံးကြွေးပြန်ဆပ်ပြီး ၎င်း၏ ရည်မှန်းချက်ပန်းတိုင်သို့ အရောက်လှမ်းရန် အသင့် ဖြစ်နေခဲ့သည်။

Belingon သည် ပထမအကြိမ်ထိုးသတ်မှုတွင် ပထမအချီတွင် ချုပ်ကွက်အလဲထိုးဖြင့် Fernandes ကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ သို့သော် မကျေပွဲပြန်နွှဲရာတွင် ၎င်းသည် ဘရာဇီးကိုယ်ခံပညာကစားသမား Fernandes နှင့် ပူးကပ်ပြီးကစားသည်။ တိုးတက်မှုရရှိလာသည့် ပူးကပ်တိုက်ခိုက်မှုစွမ်းရည်နှင့် ပြိုင်ဘက်၏ချုပ်ကွက်များကို ကာကွယ်နိုင်စွမ်းက Belingon အတွက် များစွာအရေးပါလာခဲ့သည်။

Belingon သည် ၎င်း၏ ဝူရှူးထိုးနှက်တိုက်ခိုက်စွမ်းရည်ဖြင့် Fernandes အား ဗျာများနေအောင်လုပ်နိုင်ခဲ့သည်။ ထို့နောက် အချုပ် စွမ်းရည်တွင် ဆရာတစ်ဆူဖြစ်သော ဘရာဇီးဂျုဂျစ်ဆု ကစားသမား Fernandes ကို ချုပ်ကွက်နှင့် အသာစီးရယူသွားခဲ့သည်။
နောက်ဆုံးတွင် Belingon သည် အမှတ်ဖြင့်အနိုင်ရကာ အငြင်းပွားဖွယ်မရှိသော ONE ဘင်တန်ဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သည်။

ပြိုင်ပွဲအသီးသီးတွင်အနိုင်ရလျက်ရှိသော အဆိုပါကမ္ဘာ့အဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံ ကစားသမားနှစ်ဦးသည် ယခုတိုကျိုတွင် ကျင်းပမည့်ပွဲစဉ်၌ ရေကုန်ရေခမ်းမကျေပွဲဆင်နွှဲရန် ပြန်လည်ဆုံတွေ့ကြမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top