မျက်တောင်ကော့ဆေးကိုသုံးပြီး မျက်စိကွယ်သွားတဲ့ အမျိုးသမီး

56.jpg

ရှားလေ ပေါ်တာ (Shirley Potter) ဆိုတဲ့ အသက်၅ဝအရွယ် အမျိုးသမီးကြီးက ခဲရာခဲဆစ် ဖြတ်ကျော်ထားတဲ့ ကျောက်ကပ် အစားထိုး ခွဲစိတ်ကုသမှု အပြီးမှာတော့ သမီးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေဖို့ အချိန်ပိုရပြီဆိုပြီး အားရကျေနပ်ခဲ့တာ ဖြစ်ပါတယ်။ သမီးတွေက ညနေခင်း ကပွဲအတွက် လာခေါ်ချိန်မှာတော့ သူ့ရဲ့ဆန္ဒတွေက ပိုလို့တောင် ပြည့်ဝသွားပါသေးတယ်။

ညဘက်ပွဲသွားဖို့အတွက် ဝတ်စုံအသစ်ဝယ်ပြီး ဆံပင်စတိုင် အလန်းစားပြင်ခဲ့သလို နှစ်တွေအကြာကြီးနေပြီးမှ ပထမဆုံး မိတ်ကပ် ပြန်လိမ်းဖို့လည်း ဆုံးဖြတ်ခဲ့ပါတယ်။

သမီးသုံးယောက်နဲ့အတူတူ ဝိုင်သောက်ပြီး ကပွဲလာ ပရိသတ်တွေနဲ့ ညတစ်ညကို ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီညကစပြီး ဆိုးရွားတဲ့ မျက်စိ နာကျင်မှုကို နှစ်ပေါင်းများစွာ ခံခဲ့ရပြီး နောက်ဆုံးမှာ အမြင်အာရုံ ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ အကြောင်းရင်းကတော့ ထင်မှတ်မထားရလောက်အောင် ပါပဲ။ မသုံးတာကြာပြီး သက်တမ်းလွန်နေတဲ့ မျက်တောင်ကော့ဆေးကို သုံးလိုက်မိလို့ပဲဖြစ်ပါတယ်။

ပွဲပြီးနောက်တစ်နေ့ မနက်မှာ ပေါ်တာရဲ့ မျက်လုံးတွေ နီရဲနေတာကို ခင်ပွန်းဖြစ်သူက သတိထားမိခဲ့တာ ဖြစ်ပါတယ်။ မွေးစကတည်းက ဘယ်ဘက်မျက်လုံးထဲမှာ အမြင်နဲ့ ခံစားမှု ချို့ယွင်းချက် ရှိခဲ့တာဖြစ်ပြီး ဒီတစ်ခါမှာတော့ မျက်လုံးနှစ်ဖက်လုံးမှာ ဆိုးဆိုးရွားရွား နာကျင်မှုကို ခံစားခဲ့ရတာ ဖြစ်ပါတယ်။

မျက်စိအထူးကု ဆေးခန်းမှာ သွားပြတဲ့အခါမှာလည်းအကြောင်းရင်းကို သေချာ ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ စမ်းသပ်စစ်ဆေးမှု ထပ်တလဲလဲလုပ်ပြီးချိန်မှာတော့ မျက်စိနှစ်ဖက်လုံးမှာ ဆိုးဆိုးရွားရွား ထိခိုက်မှု ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒိတ်လွန်နေတဲ့ မျက်တောင်ကော့ဆေးကို သုံးမိသေးလားလို့ ဆရာဝန်က တိုက်ရိုက်မေးတဲ့အချိန်မှာ ပွဲသွားတဲ့နေ့ကို သတိရမိသွားပါတယ်။ ပစ်ထားတာ နှစ်၂၀ လောက် ကြာနေပြီဖြစ်တဲ့ မျက်တောင်ကော့ဆေးကို ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။

မိတ်ကပ် ပုံမှန်လိမ်းလေ့ မရှိတဲ့သူ့အတွက် မျက်နှာ အလှပြင်ပစ္စည်းတွေက အချိန်ကာလတစ်ခုထိပဲ အထားခံတယ်ဆိုတာ မသိခဲ့ပါဘူး။ အထူးသဖြင့် မျက်တောင်ကော့ဆေးက စသုံးပြီး ခြောက်လလောက်ကြာရင် လွှင့်ပစ်လိုက်သင့်ပြီဆိုတာ သူနားမလည်ခဲ့တာပါ။

မစ္စပေါ်တာရဲ့ ဆိုးရွားတဲ့ဖြစ်ရပ်ကို သင်ခန်းစာယူပြီး အလှပြင်ပစ္စည်းတွေကို တစ်ခါ နှစ်ခါလောက် သုံးပြီး အကြာကြီးပစ်ထားပြီးမှ ပြန်သုံးတာမျိုး မဖြစ်အောင် ရှောင်ပါလို့ သတိပေးလိုက်ရပါတယ်။

Ref: Dailymail “Mascara blind woman legally blind using date make-up lose vision completely”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top