ဆေးလိပ်မသောက်တဲ့ အလုပ်သမားတွေကို လစာနဲ့ ခွင့် ၆ ရက်ပေးတဲ့ ဂျပန်ကုမ္ပဏီ

smokingcig17d.jpg

ဂျပန်နိုင်ငံ တိုကျိုမြို့မှ ကုမ္ပဏီတစ်ခုကတော့ ဆေးလိပ်သောက်ခြင်းကို တစ်ဖက်တစ်လမ်းကနေ တားမြစ်တဲ့အနေနဲ့ ဆေးလိပ်မသောက်တဲ့ အလုပ်သမားများကို တစ်နှစ်မှာ လစာပါ ခွင့်ရက် ၆ ရက်ပေးမယ်လို့ စည်းကမ်းချက် ထုတ်ပြန်ခဲ့ပါတယ်။

စည်းကမ်းထုတ်ပြန်ခဲ့တဲ့ ကုမ္ပဏီကတော့ Piala Marketing ကုမ္ပဏီ ဖြစ်ပြီး ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းများက သူတို့ဟာ ဆေးလိပ်ထွက်သောက်နေတဲ့ အလုပ်သမားများထက် အလုပ်ပိုလုပ်နေရကြောင်း တိုင်ကြားခဲ့တဲ့အခါမှာ ဒီစည်းကမ်းကို ချမှတ်ပေးခဲ့တာပါ။

“ဒီနှစ်အစောပိုင်းမှာ ကျွန်တော်တို့ကုမ္ပဏီက ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတစ်ယောက် ကုမ္ပဏီ အကြံပြုစာထဲမှာ ဆေးလိပ်သောက် ထွက်သွားကြတာက ကုမ္ပဏီ အလုပ်တွေကို ပိုနှောင့်နှေးစေကြောင်း ရေးသားခဲ့ပါတယ်။ ဒီစာကို ကျွန်တော်တို့ CEO တွေ့တဲ့အခါ သူလည်း အလုပ်သမားရဲ့ အကြံပြုချက်ကို လက်ခံခဲ့ပြီး ဆေးလိပ်မသောက်တဲ့ ဝန်ထမ်းတွေကို သူတို့လုပ်ရတဲ့အချိန်အတွက် အစားထိုးပေးတဲ့အနေနဲ့ ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ် ” လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဟီရိုတာကာ မက်ဆုရှီမ (Hirotaka Matsushima) ကပြောကြားခဲ့ပါတယ်။

Piala Marketing ကုမ္ပဏီရဲ့ ရုံးချုပ်ဟာ တိုကျိုမြို့လယ်ခေါင်မှာရှိတဲ့ တိုက်တစ်တိုက်ရဲ့  ၂၉ ထပ်မှာ တည်ရှိပြီး ဆေးလိပ်သောက်ချင်တဲ့သူတွေဟာ တိုက်ရဲ့ မြေအောက်ထပ်ကို ဆင်းပြီး သောက်ရတဲ့အတွက် ဆေးလိပ်တစ်ခါ ဆင်းသောက်ရင် ၁၅ မိနစ်လောက် ကြာမြင့်ပါတယ်။ ဒါ့ကြောင့် ဆေးလိပ်မသောက်သူများဟာ ဆေးလိပ်ဆင်းသောက်သူများထက် အလုပ်ချိန် ပိုလုပ်နေရပါတယ်။

“ကျွန်တော် အလုပ်သမားတွေကို ဒဏ်ကြေးတွေ၊ ပြစ်ဒဏ်တွေအစား မက်လုံးနဲ့ပဲ ဆေးလိပ် ဖြတ်ဖို့ တွန်းအားပေးချင်ပါတယ်။ ”လို့ Piala Marketing ကုမ္ပဏီရဲ့ CEO ဖြစ်သူ တာကာအို အဆူကာ (Takao Asuka)က ကျိုတို သတင်းစာကို ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီမှာ ဒီစနစ်ကို ချမှတ်ပြီးနောက်ပိုင်း ဆေးလိပ်မသောက်သူ အလုပ်သမား အယောက် ၃၀ ခန့်ဟာ လစာပါ ခွင့်ရက်ကို ယူပြီး မိသားစုနဲ့ ခရီးထွက်နေကြတယ် လို့သိရပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) ရဲ့ စာရင်းထုတ်ပြန်ချက်အရ ဂျပန်နိုင်ငံရဲ့ လူငယ် ၂၁.၇ ရာခိုင်နှုန်းခန့်ဟာ ဆေးလိပ်သောက်ကြပြီး လူကြီးပိုင်းတွေမှာဆိုရင် ဒီရာခိုင်နှုန်းက ပိုများတယ် လို့သိရပါတယ်။ ဒီလိုများပြားတဲ့ ဆေးလိပ်သောက်သုံးသူတွေကြောင့် ဂျပန် ကုမ္ပဏီအများစုဟာ second-hand smoke လို့ခေါ်တဲ့ တဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မှု များနည်းပါးအောင် စည်းမျဉ်းတွေ ထုတ်ပြီး တားဆီးနေကြပါတယ်။ ပြီးခဲ့တဲ့ ဇွန်လကလည်း ၂၄ နာရီရောင်းချတဲ့ စတိုးဆိုင် ကုမ္ပဏီဖြစ်တဲ့ Lawson Inc ဟာ သူ့ရဲ့ အလုပ်သမားတွေကို ရုံးချုပ်မှာသာမက ရုံးခွဲတွေမှာပါ ဆေးလိပ်မသောက်ရဆိုတဲ့ စည်းမျဉ်းကို ပြဠာန်းခဲ့ပါသေးတယ်။

Ref : News : Non-smokers get six days extra paid leave

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top