အိန္ဒိယလေတပ်ရဲ့ လေယာဉ် (၂) စင်းကို ပါကစ္စတန်နိုင်ငံ ပစ်ချ

p-1.jpg

ပါကစ္စတန်နိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသ လေပိုင်နက်မှာ အိန္ဒိယလေတပ်ရဲ့ လေယာဉ် (၂) စင်းကို ပစ်ချခဲ့ပြီး လေယာဉ်မှူးတစ်ဦးကို မြေပြင်ပေါ်မှ ဖမ်းဆီးခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ပြောပါတယ်။

အိန္ဒိယလေတပ်ရဲ့ လေယာဉ် (၂) စင်းအနက် တစ်စင်းက ပါကစ္စတန်ပိုင်နက်ထဲကို ပျက်ကျခဲ့ပြီး နောက်တစ်စင်းက အိန္ဒိယပိုင်နက်ထဲကို ပျက်ကျခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် အဆစ်ဂါဖိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အိန္ဒိယနိုင်ငံက ပါကစ္စတန်နိုင်ငံ ပိုင်နက်ထဲမှာရှိတဲ့ လက်နက်ကိုင်တွေကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အိန္ဒိယနိုင်ငံက စီမံခန့်ခွဲနေတဲ့ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင်တွေရဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ စစ်ရဲ (၄၀) သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကြောင့် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံ (၂) နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အိန္ဒိယနိုင်ငံက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။

ဖေဖော်ဝါရီလ (၂၇) ရက်နေ့ အစောပိုင်းမှာ ပါကစ္စတန် တိုက်လေယာဉ်တွေက ကက်ရှ်မီးယားဒေသရဲ့ ထိန်းချုပ်ပိုင်းခြားရေးစည်းတစ်လျှောက် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံဟာ မွတ်စလင်လူမျိုး အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသ တစ်ခုလုံးကို သူပိုင်၊ ငါပိုင် အငြင်းပွားခဲ့ကြပြီး
ကက်ရှ်မီးယားဒေသအတွက် စစ်ဖြစ်ခဲ့ဖူးပါတယ်။ ၁၉၄၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံထံက လွတ်လပ်ရေးရပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံကြား စစ်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး စစ်ပွဲ (၂) ကြိမ်က ကက်ရှ်မီးယားဒေသကြောင့် ဖြစ်ခဲ့တာပါ။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံဟာ ကက်ရှ်မီးယားဒေသကို တစ်စိတ်တစ်ပိုင်းစီ အုပ်ချုပ်နေကြပါတယ်။

Ref:BBC
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top