အသက် (၆၃) နှစ်အရွယ် မော်ဒယ်လ်ဘွားဘွားပြောပြခဲ့တဲ့ နုပျိုခြင်းရဲ့လျှို့ဝှက်ချက်

ff0.jpg

အသက်အရွယ်ဆိုတာ နံပါတ်တစ်ခုထပ်ပိုတဲ့အရာမဟုတ်ကြောင်းကို အသက် (၆၃) နှစ်ရှိပြီဖြစ်တဲ့ ဘီကီနီမော်ဒယ်လ် ရက်ဇ်မီနာ ရိုစီ (Yazemeenah Rossi) ဆိုသူက သက်သေပြသွားခဲ့ပါတယ်။

ရိုစီအသက် (၁၀) နှစ်အရွယ်မှာ သူ(မ)ရဲ့ဆံသားအရောင်ကစတင်ပြောင်းလဲခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာတော့ ငွေရောင်ဘက်ကိုလုံးဝပြောင်းသွားခဲ့ပါတယ်။ ဒီကိစ္စကြောင့် သူ(မ)အေဂျင့်တွေနဲ့ ပြဿနာတက်ခဲ့ပေမဲ့လို့ ရှိရင်းစွဲအလှကိုမြတ်နိုးတဲ့ရိုစီက ဆံပင်အရောင်ကို ဆေးဆိုတာတွေ၊ ဘာတွေလုံးဝမလုပ်ခဲ့ပါဘူး။

ရက်ဇ်မီနာဟာ ပြင်သစ်မှာ မွေးဖွားခဲ့ပြီး ကော်စီကာ (Corsica) မှာကြီးပြင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မွေးချင်းတွေထဲကမှ အကြီးဆုံးသမီးဖြစ်ပြီး အဘိုး၊ အဘွားတွေရဲ့အုပ်ထိန်းမှုအောက်မှာမှ အရွယ်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။ ၎င်းတို့မိသားစုဝင်တွေဟာ သဘာဝတရားကပေးတဲ့ အရင်းအမြစ်တွေနဲ့ပဲ အများဆုံးနေထိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။

Uppers ရဲ့ပြောပြချက်အရ ရိုစီဟာ သူ(မ)အသက် (၂၀) နောက်ပိုင်းလောက်မှာကတည်းက မော်ဒယ်လ်လောကကို စတင်ဝင်ရောက်ခဲ့ပေမဲ့လို့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်အထိ ရိုစီဆိုတဲ့ သူ(မ)နာမည်ကို ဖက်ရှင်လောကမှာ လူသိမများသေးဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း Bored-panda ကနေမှ “59-Year-Old Grandmother Still Going Strong as a Fashion Model” ဆိုပြီး ရိုစီရဲ့နုပျိုမှုကိုတင်စားထားတဲ့ ဆောင်းပါးကြောင့် သူ(မ)ကိုလူသိများလာခဲ့ပါတော့တယ်။

ဒီအသက်အရွယ်အထိ အရေးအကြောင်းကင်းပြီး နုပျိုနေရခြင်းရဲ့ လျှို့ဝှက်ချက်ကိုမေးတဲ့အခါမှာတော့ ရက်ဇ်မီနာက “ဘဝမှာအရေးကြီးဆုံးက ကိုယ်မြတ်နိုးတဲ့အလုပ်ကို ကိုယ်လုပ်နေရဖို့ပါပဲ။ ပြီးတော့အကောင်းမြင်စိတ်နဲ့ အရာရာတိုင်းကိုလုပ်ဆောင်နိုင်ဖို့ပါ။ ကျွန်မက မော်ဒယ်လ်လုပ်ရတာကို နှစ်သက်တယ်။ ဒါကြောင့်မို့လို့ နိုးထလာတဲ့မနက်ခင်းတိုင်းအတွက် ကျွန်မနှလုံးသားက လန်းဆန်းနေပြီးသားပဲ” လို့ စိတ်ချမ်းသာမှုကြောင့် နုပျိုနေရတဲ့သူ(မ)ရဲ့လျှို့ဝှက်ချက်ကို ခုလိုပဲပြောကြခဲ့ပါတယ်။

ဆက်လက်ပြီး “ကျွန်မတို့မိသားစုဝင်တွေရဲ့ ဘဝနေထိုင်မှုပုံစံက အရမ်းကိုရိုးရှင်းပါတယ်။ သံလွင်ဆီကိုပဲသုံးပြီး ဟင်းချက်ကြပါတယ်။ သံလွင်ဆီက ခန္ဓာကိုယ်လှပဖို့အတွက် ဘယ်လောက်အကျိုးပြုတယ်ဆိုတာ သင်တို့သိပြီးသားဖြစ်မှာပါ။ နောက်ထပ် အသင့်စားအစားအစာတွေ၊ အေးခဲထားတာတွေနဲ့ မိုက်ခရိုဝေ့ထဲထည့်ထားတဲ့ အစားအစာတွေဆို လုံးဝမစားပါဘူး။ အဲဒီအစား လတ်ဆတ်တဲ့ အသီးအရွက်၊ အသားနဲ့ ငါးတွေကိုပဲရွေးချယ်စားသုံးပါတယ်။”

“ဘယ်သူမှတော့ ချက်ချင်းကြီးမပြောင်းလဲနိုင်ပါဘူး။ အလေ့အကျင့်ဆိုတာလုပ်ယူရတဲ့ အရာပါ။ နောက်ပြီး ငယ်ရွယ်နုပျိုခြင်းဆိုတာကလည်း အတွင်းစိတ်ကလာတဲ့အရာပါ။ အတွင်းစိတ်သာ ကြည်လင်နေမယ်ဆို အပြင်ရုပ်ရည်ကလည်း နုပျိုနေပါလိမ့်မယ်” လို့ပြောကြားသွားခဲ့ပါတယ်။

Ref : healthyfoodhouse.com “63 year old model stuns the word, shares her secrets to graceful agin”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top