နိုင်ငံတော်သမ္မတရုံးနှင့် ဝန်ကြီးဌာနများ၏ သတင်းထုတ်ပြန်ချက်အနှစ်ချုပ်

67914581_1549828681826519_9137814553151668224_n.jpg

နိုင်ငံတော်သမ္မတရုံးနဲ့ ဝန်ကြီးဌာနတွေရဲ့ ဒီသီတင်းပတ်အတွင်းသတင်းထုတ်ပြန်ချက်တွေထဲက သတင်းတချို့ကို ကောက်နုတ်စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁။ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃၂/၂၀၁၉ ဖြင့် ဇူလိုင် (၂၆) ရက်က ယင်း၏ သဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်ခွင့်ပြုခဲ့သည်။

၂။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းအား နိုင်ငံတော်သမ္မတရုံး၏ အမိန့်အမှတ် ၃၄/၂၀၁၉ ဖြင့် ဇူလိုင် (၃၀) ရက်က စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကိုပါ ပူးတွဲတာဝန် ပေးအပ်လိုက်သည်။

၃။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ (၃) နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ဇူလိုင် (၂၆) ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ကျင်းပပြုလုပ်ခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနနှင့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းမှာ ဆက်နွယ်နေသည်ဟု နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့သည်။

၄။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇူလိုင် (၂၇) ရက်က ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် ရေဘေးသင့်ပြည်သူများအား ငွေကျပ် သိန်း (၂၀၀၀) ကျော်ကို သွားရောက်ထောက်ပံ့ကူညီခဲ့သည်။

၅။ တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ်ပူးတွဲစစ်ဆေးခြင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို တရုတ်နိုင်ငံရှိ ပေကျင်းမြို့တွင် ဇူလိုင်( ၂၄) ရက်မှ (၂၆) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာ-တရုတ် နယ်နိမိတ်ပူးတွဲစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းရန် နှစ်ဘက်သဘောတူညီခဲ့ကြသည်။

၆။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်အဖွဲ့သည် ဇူလိုင် (၂၈) ရက်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် စလင်းမြို့နယ်အတွင်းရှိ ရေဘေးရှောင်ပြည်သူများအား ငွေကျပ် (၃၁) သိန်းကျော် သွားရောက်ထောက်ပံ့ကူညီခဲ့သည်။

၇။ မြန်မာနိုင်ငံတွင် ဇန်နဝါရီ (၁) ရက်မှ ဇူလိုင် (၂၅) ရက်အထိ ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ (၃၈၉) ဦး ရှိပြီး ယင်းရောဂါကြောင့်သေဆုံးသူ (၇၂) ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

၈။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော မြန်မာနိုင်ငံသို့ ပြည်ပဧည့်သည် လာရောက်မှုစာရင်းအရ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပြည်ပဧည့်သည် စုစုပေါင်း (၂၁) သိန်းကျော် လာရောက်ခဲ့သည်။

၉။ (၂၄) ကြိမ်မြောက် Asia Cross Country Rally 2019 နိုင်ငံဖြတ်ကျော် ခရီးကြမ်းကားမောင်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top