လွန်ခဲ့တဲ့ နှစ် (၃၀) အကြာက အာကာသထဲကိုခရီးနှင်ခဲ့ဖူးတဲ့ ပထမဆုံးအာရှတိုက်သား

pham-tham.jpg

အာကာသထဲရောက်ခဲ့ကြတဲ့ ဂန္တဝင်အာကာသသူရဲကောင်းတွေလို့ဆိုလိုက်ရင် နေးလ် အမ်းစထရောင်း တို့လို အနောက်နိုင်ငံသားတွေကိုပဲ အရင်ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ အဲဒီအာကာသသူရဲကောင်းတွေထဲမှာ အာရှသားတစ်ဦးပါဝင်နေတယ်ဆိုတာ စာဖတ်ပရိသတ်တွေ သိများသိထားကြပြီလား။ အဲဒီအာရှသားကတော့ ဗီယက်နမ်အမျိုးသား Pham Tuan ပဲဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ (၃၉) နှစ်တုန်းက အာကာသထဲကို ရောက်ရှိနိုင်ခဲ့တဲ့ ပထမဆုံးသော အာရှသားတစ်ဦးပါ။ အခုတော့ အငြိမ်းစား ဗီယက်နမ်လေတပ်လေယာဉ်မှူးနဲ့ ဒု-ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်လို့နေပါပြီ။

Tuan ဟာ ၁၉၇၉ ခုနှစ် ဧပြီလ (၁) ရက်နေ့မှာ ဆိုဗီယက်ယူနီယံရဲ့ Interkosmos ပရိုဂရမ်အတွက်ဖွဲ့စည်းတဲ့ နိုင်ငံတကာအာကာသယာဉ်မှူးအဖွဲ့မှာပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနောက် သူက ၁၉၈၀ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့မှာတော့ Soyuz 37 မစ်ရှင်အတွက် ကာဇက်စတန်တောင်ပိုင်းက Baikonur Cosmodrome အာကာသစခန်းကနေ အာကာသထဲကို စတင်ထွက်ခွာခဲ့ပါတယ်။ Tuan က အာကာသထဲမှာ (၇) ရက်နဲ့ နာရီ (၂၀) နေထိုင်ခဲ့ပြီး ကမ္ဘာကို (၁၄၂) ကြိမ်ပတ်ခဲ့တဲ့အပြင် နည်းပါးလှတဲ့ကမ္ဘာ့ဆွဲငင်အားအခြေအနေအတွင်းမှာ သတ္တုအရည်ပျော်မှုစမ်းသပ်ချက်တွေကိုလည်း ပြုလုပ်ခဲ့ပါတယ်။ တာဝန်တွေပြီးဆုံးသွားတဲ့ Tuan ဟာ ကမ္ဘာမြေပေါ်ကို ၁၉၈၀ ခုနှစ် ဇူလိုင်လ (၃၁) နေ့မှာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

Tuan ဟာ Interkosmos ပရိုဂရမ်မှာမပါဝင်ခင်က ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်ရဲ့ B-52 ကို ပစ်ချခဲ့မှုမှာ အရေးပါခဲ့တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်အစိုးရရဲ့မှတ်တမ်းထဲမှာတော့ ဒုံးပျံယာဉ်တွေနဲ့ ဗုံးကျဲခဲ့တယ်လို့ပဲ ရေးသားထားပါတယ်။ Tuan ဟာ သူ့ရဲ့ဆောင်ရွက်မှုတွေအတွက် Ho Chi Minh Order, Order of Lenin, Hero of the Soviet Union အပါအဝင် ဆုတံဆိပ်များစွာနဲ့ဂုဏ်ပြုခံခဲ့ရပါသေးတယ်။ သူရတဲ့ဆုတွေထဲက Hero of the Soviet Union ဆုကတော့ နိုင်ငံခြားသားတချို့တလေကိုပဲ ပေးအပ်လေ့ရှိကာ ရခဲလှတဲ့ဆုဖြစ်လို့ အာရှသားတစ်ဦးအနေနဲ့ ဂုဏ်ယူဖွယ်လည်းဖြစ်ခဲ့ပါတယ်။

Ref: NextShark “First Asian Astronaut Phạm Tuân Went to Space 39 Years Ago Today”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top