အပြင်းအထန် လေ့ကျင့်ခန်း လုပ်နေပေမဲ့ ကြွက်သားမတက်လာရတာ ဘာကြောင့်လဲ

active-people-sport-workout-concept-P6LLFNL.jpg

လေ့ကျင့်ခန်းလုပ်ရတဲ့ထဲ ကောင်းတာတစ်ခုကတော့ ရလဒ်ကို ချက်ချင်းခံစားရတာပါ။ ကြိုးစားလုပ်လေလေ လူက နေရထိုင်ရ ပေါ့ပါးလာပြီး ကြွက်သားတက်လာလေပါ။

အဲဒီလိုလုပ်နေရင်းကမှ ကြွက်သားတက်တာက ရုတ်တရက် ရပ်သွားတယ်ဆိုပါစို့။ တစ်ပတ်ပြီးတစ်ပတ် ကြိုးစားလုပ်နေလည်းပဲ နည်းနည်းလေးမှတောင် ကြွက်သားက တက်မလာတော့ပါဘူး။ ဒါဆို ဘာလုပ်ကြမလဲ။ ကျွန်တော်က ဒီဆောင်းပါးလေးမှာ ဘာလို့ ကြွက်သားတက်တာ ရပ်သွားရလဲဆိုတဲ့ အကြောင်းရင်း (၇) ချက်နဲ့ တစ်ဖန် ပြန်ကြီးထွားလာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေကို အသေးစိတ် ဆွေးနွေးပေးသွားပါ့မယ်။

အရမ်းအားစိုက် လေ့ကျင့်တဲ့အခါ

ဒါက တော်တော်များများ မှားနေတဲ့အရာပါ။ စပြီး လေ့ကျင့်တယ်ဆိုတာနဲ့ ကြွက်သားကတော့ တက်လာမှာပဲလေ။ အဲဒီတော့ လုပ်နေတဲ့နည်းလမ်းက မှန်တယ်လို့ ထင်တာပေါ့။ အလေးကို မလိုက်တဲ့အချိန်တိုင်း ကြွက်သားကျအောင် လုပ်နေမိတယ်ဆိုတာ မမေ့ပါနဲ့။ သူတို့လေးတွေ ကြီးထွားဖို့အတွက် အချိန်တစ်ခု လုံလုံလောက်လောက်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်တစ်ကြိမ်လောက်ဆို လုံလောက်ပါပြီ။ နှစ်ကြိမ်က အများဆုံးပါ။

အချိန်အများကြီး လေ့ကျင့်တဲ့အခါ

gym မှာ (၃) နာရီလောက် အပြင်းအထန်ဆော့တာက ကြွက်သားကြီးထွားမှုကို ထိခိုက်စေပါတယ်။ လူတိုင်းက အချိန်တွေ အများကြီးပေးပြီး ကြိုးကြိုးစားစားလုပ်တိုင်း ကြွက်သား ကြီးထွားလာလိမ့်မယ်လို့ ထင်ကြပါတယ်။ တကယ်တော့ (၄၅) မိနစ်လောက် အားကစားလုပ်ပြီးတဲ့နောက်မှာ ကာတီဆို (cartisol level) က မြင့်တက်လာပါတယ်။ ကာတီဆိုဆိုတာ ကြွက်သားကြီးထွားမှုကို လျော့ကျစေနိုင်တဲ့ ဟော်မုန်းဓာတ်ပါ။ သွေးထဲ ကာတီဆို ဟော်မုန်း စီးဆင်နေစဉ် အားကစားလုပ်တာက ကောင်းကျိုးထက် ဆိုးကျိုး ပိုများစေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တစ်နာရီထက်ပိုပြီး အားကစား မလုပ်မိကြပါစေနဲ့။

အိပ်ရေးမဝတဲ့အခါ

သင်က ကြွက်သားတက်ဖို့ ကြိုးစားနေတဲ့သူဆိုရင်တော့ အိပ်ရေးဝဖို့ လိုပါမယ်။ အိပ်ချိန်က ကြွက်သား ကြီးထွားဖို့ အကောင်းဆုံးအချိန်ပါ။ အိပ်ချိန် (၈) နာရီထက် ပိုယူလိုက်တဲ့အခါ ကြွက်သား ကြီးထွားလာတာကို သင်တွေ့ရပါလိမ့်မယ်။ (၈) နာရီထက်တော့ မနည်းစေနဲ့နော်။

အယ်လ်ကိုဟော အလွန်အကျွံ သုံးစွဲမိတဲ့အခါ

ကြွက်သားကြီးထွားဖို့ လေ့ကျင့်နေသူတွေအတွက်တော့ အယ်လ်ကိုဟောက လုံးဝ ရန်သူပါပဲ။ ၎င်းဟာ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ချက်တွေကို ကျဆင်းစေပြီး ကြွက်သားတွေကိုလည်း လျော့တွဲစေပါတယ်။

အပြောင်းအလဲ မလုပ်ဘူးဆိုရင်

ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းကို (၆) ပတ် (သို့) (၈) ပတ် တစ်ကြိမ်လောက်တော့ အပြောင်းအလဲ လုပ်ပေးဖို့လိုပါတယ်။ အဲဒီလိုမှမလုပ်ဘူးဆို ခန္ဓာကိုယ်က လေ့ကျင့်ခန်းနဲ့ အသားကျသွားပြီး တိုးတက်ပြောင်းလဲမှု မရှိနိုင်တော့ပါဘူး။

အလေးမတိုးဘူးဆိုရင်

ဒါက အဓိက အချက်ပါပဲ။ ကြွက်သားလေ့ကျင့်ခန်း လုပ်နေတဲ့သူတွေ အပတ်စဉ် မဖြစ်မနေ လုပ်ရမယ့်အချက် (၂) ချက်ရှိပါတယ်။ တစ်ပတ်တစ်ခါ အလေးတိုးပေးဖို့ပါ။ အဲဒီလို မလုပ်နိုင်ဘူးဆို အကြိမ်ရေတိုးပြီး လုပ်ဆောင်ဖို့ပါ။ ကြွက်သားတက်ချင်တဲ့သူတွေ အတွက်ကတော့ ဒီနည်းပဲရှိပါတယ်။

ပရိုတင်း လုံလုံလောက်လောက် မစားပေးဘူးဆိုရင်

သင်စားသုံးလိုက်တဲ့ ပရိုတင်းဓာတ် ပမာဏတိုင်းကို ခန္ဓာကိုယ်က မသိုလှောင်ထားနိုင်ပါဘူး။ ကြွက်သား ကြီးထွားဖို့အတွက်က ပရိုတင်းဓာတ် လုံလုံလောက်လောက်ရှိဖို့ လိုပါတယ်။ ဒါကြောင့်မို့ တစ်နေ့မှာ (၂) နာရီခြားလောက် ပုံမှန် ပရိုတင်း စားသုံးပေးဖို့ လိုအပ်ပါတယ်။ ပရိုတင်း မစားဘဲနဲ့တော့ (၄) နာရီထက် ပိုမိပါစေနဲ့။ အဲဒီလိုမှ မဟုတ်ရင် ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေ ကျဆင်းပြီး ကြွက်သား ကြီးထွားနှုန်းကို ထိခိုက်လာစေနိုင်ပါတယ်။

ကဲ … ဒီလောက်ဆို အပြင်းအထန် အားကစားလုပ်နေပေမဲ့ ဘာကြောင့် ကြွက်သား တက်မလာရတာလဲဆိုတဲ့ အကြောင်းရင်းတွေကို နားလည်သွားလောက်ပြီ ထင်ပါတယ်။ ပြောပြပေးခဲ့တဲ့အချက်တွေထဲက တစ်ခုမှ လိုက်မလုပ်ဘူးဆိုရင်တော့ တက်လာမှာ မဟုတ်ဘူးနော်။ ကြိုးစားသမျှ အရာထင်ရလေအောင် တစ်ခုလောက်ပဲဖြစ်ဖြစ် ဖြည်းဖြည်းချင်း ကြိုးစားလုပ်ကြည့်လိုက်ပါ။

Ref : fitnesstipslover “7 reasons your muscles stop growing”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top