မိမိ မွေးဖွား နေထိုင်ရာ အမိမြေ မဟုတ်သည့် ဒေသသစ် တစ်ခုတွင် ပြောင်းရွှေ့နေထိုင် ရုန်းကန် ရတော့မည်ဆိုလျှင် မိမိကိုယ်ကို အားကိုးသော သူတစ်ယောက် ဖြစ်ရပေတော့မည်။ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ စတင်ထွက်ခွာချိန်တွင် ဖြစ်ပေါ်သည့် စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ စိတ်ပူပန်မှု၊ အားငယ်မှု၊ စိတ်အားတက်ကြွမှု အစရှိသည့် ပျော်ရွှင်သော ဝမ်းနည်းသော အရောင်စုံ စိတ်ခံစားမှု အတက်အကျများကို မိမိတစ်ယောက်ထဲ သာလျှင် ရင်ဆိုင် ကိုင်တွယ် ထိန်းချုပ် ရသည်မှာ ပထမဆုံးသော စိန်ခေါ်မှု တစ်ခုပင်ဖြစ်လာတော့သည်။
မိမိရောက်ရှိ နေထိုင်ရာ ဒေသကို ရောက်ရှိသည်နှင့် တိုင်းတပါး ယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာ၌ ဖြစ်ပေါ်သည့် စိတ်နေသားမကျမှု (culture shock) ဖြစ်ခြင်းကိုပင် ရက်တိုအတွင်း ခံစားတွေ့ကြုံ ရမည် ဖြစ်ပါသည်။ အလားနည်းတူ မိမိ၏ အမိမြေတွင် အလွန်ပင် အပေါင်းအသင်းများသူ၊ ဖော်ရွှေစွာ ပြောဆို နေထိုင်တတ်သော ပင်ကိုစရိုက် ရှိသူများပင် ဘာသာစကား အထစ်အငေါ့ (language barrier) အနည်းအများ ရှိနေခြင်းကြောင့် စကားနည်းသွားတတ်ခြင်း၊ လူအများကြား သွားလာရန် ရှောင်ဖယ်လာခြင်း အစရှိသည့် ကွဲပြားခြားနားစွာ ဆက်ဆံ ပြုမှုလာသည့် ခံစားချက် (discriminated) များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထိုသို့ တွေ့ကြုံ ခံစားနေရခြင်း၏ ဆိုးကျိုးရလဒ် အဖြစ် များသောအားဖြင့် မိမိ၏ ပင်ကိုယ်စရိုက် ပျောက်ဆုံးလာ သည်ဟု ခံစားလာရခြင်းဖြစ်သည်။ နောက်ဆက်တွဲ ကတော့ စိတ်ဓာတ်ကျခြင်း၊ အထီးကျန်ခြင်း အစရှိသော စိတ်ခံစားချက်ဆိုးများကို ရင်ဆိုင်လာရ မည်ဖြစ်ပါသည်။
လုပ်ငန်းခွင်တွင် တွေ့ကြုံရတတ်သည့် လူမျိုးကွဲခြားမှုများ၊ ဘာသာတရားကွဲခြားမှုများ၊ အမြင်ကွဲခြားမှုများ၊ လူမှုရေး နောက်ခံ အကြောင်းတရားကွဲခြားမှုများ၊ သဘောထားကွဲလွှဲမှုများ နှင့် မျိုးစုံသော ပင်ကိုစရိုက် ကွဲခြားသူများနှင့် အလုပ်ပြီးမြေက်အောင် အတူပူးပေါင်း ပြောဆိုလုပ်ကိုင် ဆောင်ရွက်ရာတွင် မိမိ၏ ထင်မြင် ယူဆချက် အဆိုပြု လုပ်ဆောင်ချက် ကို နိုင်ငံခြားသား လုပ်ဖော်ကိုင်ဖက်မှ နားလည်လက်ခံလာရန် ပြင်ဆင် ပြောဆိုရန် လိုအပ်သည့် ယုံကြည်ချက် မရှိပါက နေ့စဉ် လုပ်ငန်းခွင်တွင် စိတ်ပူပန်မှု ထပ်၍ တိုးပါဦးမည်။
အလားတူပင် မိမိနေထိုင်ရာ နေရာတွင် ခင်မင်ရသော သူငယ်ချင်းကောင်း၊ မိသားစုဝင်ကဲ့သို့ စောင့်ရှောက် ပြုစုမည့် ဆွေမျိူး မိတ်ဆွေများနှင့် အတူနေထိုင်သည် မဟုတ် တစ်ဦးတစ်ယောက်ထဲ နေထိုင်သည် ဆိုလျှင်ပင် အတော်အသင့်သော အထီးကျန်မှုကို ခံစားရမည် ဖြစ်သည်။ တစ်နေ့တာလုံး အလုပ်ခွင်တွင် ပင်ပန်းခဲ့သမျှ အဆင်မပြေရှိခဲ့ သမျှကြောင့် အိမ်ပြန်ရောက်ချင်း ပူပူနွေးနွေး ချက်ပြုတ်ကာ “ပင်ပန်းလာပြီလား” ဟု စောင့်မျှော်မေးမည့် သူ အမေ သို့မဟုတ် ချစ်သူ ဇနီး ထံသို့ ပြန်သွားရသည် မဟုတ်ဘဲ အထီးကျန်လှသည့် အခန်းရှိရာသို့ နေ့တိုင်းပြန်သွားနေရသည့် ခံစားချက်သည်လဲ ငြီးငွေ့ ဝမ်းနည်းဖွယ် ခံစားလာရမည် ဖြစ်ပါသည်။
သို့သော် ခံစားချက်ဆိုသည်မှာ တွေ့ကြုံရင်ဆိုင် ရသည့် ဖြစ်စဉ်အပေါ် မိမိ၏ ပင်ကိုယ်စရိုက်အလျှောက် သဘာဝအတိုင်း စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုပင် ဖြစ်သည်။ ထိုသို့ ဖြစ်ပေါ် ကြုံတွေ့ ရသည်မှာလဲ လူသားတိုင်းကြုံတွေ့ ရသည့် ပုံမှန်ဖြစ်သော လူ့သဘာဝ တစ်ခုပင် ဖြစ်ပါသည်။ မိမိတွင် ရှိသော ဉာဏ်ရည် ဉာဏ်စွမ်း၊ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် အတွေ့အကြုံ အပေါ်တွင် မမူတည်ပေ။ ထို့ကြောင့် မိမိသည် ကောင်းမွန်သော ပညာအရည်အချင်း ရှိလျှက်နှင့် ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျရှုံးခြင်းများ အတွက် မိမိကိုယ်ကို အပြစ်မတင်သင့်ပေ။ မိမိ၏ အသိ အလိမ္မာ၊ ရင့်ကျက်မှု၊ ဆင်ခြေတုံတရား နှင့် ကိစ္စများအပေါ် အကောင်းမြင်နိုင်စွမ်းတို့ အပေါ်မူတည်၍ စိတ်ခံစားချက်များကို တည်ငြိမ်စွာ ကိုင်တွယ် ရင်ဆိုင် နိုင်လိမ့်မည် ဖြစ်ပါသည်။
အဆုံးသတ်တွင် စာရေးသူမှ အကြံပြုလိုသည်မှာ စိတ်ခံစားချက်ဆိုသည်မှာ လေ့ကျင့်ပြုပြင်ပေး၍ ရသော လုပ်ငန်းစဉ် တစ်ခုလဲ ဖြစ်ပါသည်။ ထိုကဲ့သို့ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုများ ကြုံတွေ့နေရချိန်တွင် မိမိတစ်ယောက်ထဲ တွေ့ကြုံနေရသည်မဟုတ် “ဒါ သဘာဝပဲ” ဟု ဆင်ခြေ တွေးတောသင့်ပါသည်။ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ် ရင့်ကျက် စေရန်အတွက် အကျိုးပြု စာပေများ ဖတ်ခြင်း၊ စိတ်အေးချမ်းရာ တရားတော်များ နားထောင်ခြင်း၊ မိမိ ဝါသနာ ပါရာ အလုပ်ကိစ္စများကို အာရုံစူးစိုက်ခြင်း သည် အမှန်ပင် အကူအညီ ဖြစ်စေပါသည်။
စာရေးသူသည် ဤဆောင်းပါးအား ဖတ်မိသူ တစ်ဦးတစ်ယောက်မှ ခံစားနေရသော စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု တစ်ခုကို ကျော်ဖြတ်ရန် ခွန်အားရစေရန် ရည်ရွယ်ပါသည်။
အေးချမ်း အောင်မြင်သော ဘဝပန်းတိုင်သို့ အရောက်လှမ်းနိုင်ကြပါစေ။
မေ (ရိုးရာလေး)