ဒီတစ်ပတ် အယ်ဒီတာ့အာဘော်ကဏ္ဍမှာတော့ ကိုယ်ကျင့်တရားအကြောင်း ဆွေးနွေးချင်ပါတယ်။ တာမွေတံတားအောက်မှာ ဖုန်းကောက်ရပြီး Ocean ဈေးဝယ်စင်တာရှေ့မှာ ပိုင်ရှင်ကို ဖုန်းပြန်ပေးခဲ့တဲ့ ကလေးငယ် (၂) ယောက်ရဲ့ ကိုယ်ကျင့်တရားကိုဂုဏ်ပြုချင်လို့လည်း ဒီအကြောင်း ရေးရတာပါ။ ဖုန်းပိုင်ရှင်က ကျေးဇူးဆပ်တဲ့အနေနဲ့ တစ်ယောက် တစ်သောင်းပေးတာတောင် ကလေးငယ်နှစ်ယောက်က မယူခဲ့ပါဘူးတဲ့။
ကိုယ်ကျင့်တရားဆိုတာ ကမ္ဘာပေါ်မှာ အတောက်ပဆုံးရတနာပါ။ နိုင်ငံတည်ဆောက်ရေးမှာ အခြေခံအုတ်မြစ်ပါ။ နိုင်ငံသားတစ်ဦးတစ်ယောက်ချင်းစီတိုင်း ကိုယ်ကျင့်သီလကောင်းပြီး ရိုးသားဖြောင့်မတ်မယ်ဆိုရင် အဲဒီနိုင်ငံ အေးချမ်းသာယာပြီးကြီးပွားတိုးတက်မှာ မလွဲဧကန်ပါပဲ။ အမေရိကန်စာရေးဆရာ၊ ဟောပြောသူ၊ သင်းအုပ်ဆရာ ဂျွန်ကယ်ဗင်မက်စ်ဝဲလ်က အခုလို ပြောခဲ့ဖူးပါတယ်။ ” နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ဖို့အတွက် ကိုယ်ကျင့်သီလဆိုတဲ့ အုတ်မြစ်ပေါ်မှာ တည်ဆောက်ရမယ်။ ဒီကိုယ်ကျင့်သီလဟာ နိုင်ငံ့အင်အားရဲ့ အဓိကအစိတ်အပိုင်းပဲ။ နိုင်ငံအဓွန့်ရှည်ဖို့နဲ့ ကြီးပွားတိုးတက်ဖို့အတွက် တစ်ခုတည်းသော အာမခံချက်ပဲ”။
လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကိုယ်ကျင့်သီလက တစ်နိုင်ငံလုံး အတိုင်းအတာမှာတော့ အင်မတန် အရေးကြီးပါတယ်။ အဲဒီလိုအရေးကြီးတဲ့ ကိုယ်ကျင့်သီလကို မေ့လျော့ထားကြလို့ မရပါဘူး။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ကိုယ်ကျင့်သီလကောင်းအောင် ပျိုးထောင်ပေးဖို့လိုပါတယ်။ မိုးခါးရေအလုအယက်သောက်ခဲ့ကြတဲ့ ခေတ်ပျက်ကြီးကြောင့် ကိုယ်ကျင့်သီလဆိုတာ စွန့်ပစ်ထားစရာလို ဖြစ်ခဲ့ဖူးပါတယ်။ လက်ဘက်ရည်ဖိုးဆိုတဲ့စကားလုံးကို တွင်တွင်သုံးတဲ့ ခေတ်ကာလမှာ ကိုယ်ကျင့်သီလဆိုတဲ့အသံတွေ တိုးလျခဲ့ဖူးတာပေါ့။ ကိုယ်ကျင့်သီလ စောင့်ထိန်းသူဆိုရင် ငတုံး၊ ငအလိုလို ဖြစ်ရတဲ့အထိပါပဲ။
ဒါတွေကိုကုစားဖို့ ကိုယ်ကျင့်သီလကောင်းသူတွေကို ဖော်ထုတ်ချီးကျူးရမှာပါ။ “ကိုယ်ကျင့်သီလကောင်းတာဟာဂုဏ်ယူစရာ” လို့ ကလေးငယ်တွေ စွဲမြဲမှတ်သားသွားအောင် ပျိုးထောင်ပေးရမှာပါ။ ဒါဟာ အကျင့်ပျက်ခြစားမှုတွေရဲ့ မူလဇစ်မြစ်တစ်ခုကို ခုတ်ထွင်ရှင်းလင်းရာရောက်ပါတယ်။ ကိုယ်ကျင့်သီလကောင်းတဲ့ မျိုးဆက်သစ်လူငယ်လေးတွေ ပေါ်ထွက်လာပြီး အနာဂတ်မြန်မာနိုင်ငံတော်ကြီးသာယာဝပြောစေကြောင်း ဆုတောင်းရင်းနဲ့ အဆုံးသတ်လိုက်ပါရစေ။
Team (ရိုးရာလေး)