ကိုဗစ်-၁၉ ကြောင့် ဆက်လက်ရင်ဆိုင်ရဦးမည့် စိန်ခေါ်မှုများ

7-9-2020-yyl-022.jpg

လွန်ခဲ့သည့် ၂၃ ရက်အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၀၈၉ ဦးအထိ မြင့်တက်လာခဲ့ပြီး အတည်ပြုလူနာ စုစုပေါင်း ၁၄၆၄ ဦး ရှိလာခဲ့ပြီးနောက် ကန့်သတ်မှုစည်းမျဉ်းများ တစ်ကျော့ပြန် ထွက်ပေါ်လာခဲ့သည်။ သြဂုတ်လ ၃၁ ရက်အထိ ပြည်သူသို့ ထုတ်ပြန်ထားသည့် ပန်ကြားချက်၊ အမိန့်၊ ညွှန်ကြားချက်များကို စက်တင်ဘာလ ၃၀ ရက်အထိ သက်တမ်းတိုးမြှင့်ထားပြီး ညဉ့်မထွက်ရအမိန့် ဖောက်ဖျက်သူများကို အရေးယူခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စားသောက်ဆိုင်များကို ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ညွှန်ကြားထားသည်ဟု သိရသည်။

လူဦးရေ ၅၅ သန်းရှိသည့် မြန်မာနိုင်ငံတွင် လူ ၁၆၆၄၃၃ ဦးကို ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲစစ်ဆေးခဲ့ရာ လူ ၁၄၆၄ ဦးတွင် ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါကိန်းဂဏန်းအချက်အလက်များအရ လူဦးရေ၏ ဝ.၃ ရာခိုင်နှုန်း (လူ ၁ သန်းမှာ ၃၀၅၅ ယောက်နှုန်းပဲ စစ်ဆေး)ကိုသာ ဓာတ်ခွဲစစ်ဆေးမှု လုပ်ထားခြင်းဖြစ်ပြီး ဓာတ်ခွဲစစ်ဆေးမှု ခံယူသူ၏ ဝ.၈၈ ရာခိုင်နှုန်း( လူ ၁၀၀၀ တွင် ၈.၈ ယောက်နှုန်း ရောဂါပိုး တွေ့ရှိ) ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုင်းနှင့် ပြည်နယ် ၁၄ ခုအနက် ၁၃ ခုတွင် အတည်ပြုလူနာများ တွေ့ရှိထားပြီး ကယားပြည်နယ်တစ်ခုတည်းတွင်သာ အတည်ပြုလူနာ မတွေ့ရပေ။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်(၄၅)မြို့နယ်ရှိသည့်အနက် (၃၆)မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာများ တွေ့ရှိထားပြီး ပထမလှိုင်းတွင် မပါဝင်ခဲ့သည့် ကြည့်မြင်တိုင်၊ ကော့မှူး စသည့်မြို့နယ်များ ပါဝင်လာခဲ့သည်။

စက်တင်ဘာလအတွင်း ထုတ်ပြန်ချက်များအရ ကိုဗစ်-၁၉ အတည်ပြုလူနာများတွင် ကွင်းဆက်ပြတ်လူနာ ၁၀၀ နီးပါး တွေ့ရှိခဲ့ခြင်းက silent carrier ( ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူများ)ရှိနေခြင်းကို ဖော်ပြလျက်ရှိရာ စိုးရိမ်စရာအနေအထားဖြစ်သည်။ ဒုတိယလှိုင်းကြောင့် မြန်မာနိုင်ငံတွင် အတည်ပြုလူနာသစ်များ မြင့်တက်လာချိန်တွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံကလည်း ဘရာဇီးနိုင်ငံကို ကျော်ဖြတ်ပြီး အတည်ပြုလူနာ ၄.၂ သန်းဖြင့် ကိုဗစ်-၁၉ လူနာအများဆုံး နိုင်ငံများစာရင်းတွင် အဆင့်(၂) နေရာကို တက်လှမ်းလာခဲ့သည်။ မြန်မာနိုင်ငံ၏ အနောက်တံခါးဟု ခေါ်ဆိုကြသည့် ရခိုင်ပြည်နယ်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၂၅၀၀၀ ကျော်ဖြင့် ပြင်သစ်နိုင်ငံကို ကျော်ဖြတ်ပြီး အဆင့်(၁၄) နေရာသို့ ရောက်ရှိနေသည်။

လက်ရှိကြုံတွေ့နေရသည့် ဒုတိယလှိုင်းတွင် ရခိုင်ပြည်နယ်၏ မြို့များ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခဲ့ရာ ရခိုင်ပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မှု ပြုလုပ်လျက်ရှိသည်။ သို့သော် ရခိုင်ပြည်နယ်မှ လေကြောင်းခရီးဖြင့် ပြန်လာသူ ၅၀၀၀ ကျော်အနက် တစ်ဝက်ကျော်မှာ ကျန်းမာရေးဝန်ကြီးဌာန၏ ဖုန်းဖြင့် ဆက်သွယ်မှုကို လက်မခံဘဲ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်နေဆဲဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ချိန်အတွင်း ဆက်သွယ်အကြောင်းကြားခြင်းမရှိပါက ယင်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သတိပေးထားသည်။

ကွင်းဆက်ပြတ်လူနာများပြားလာခြင်းမှာ ရောဂါကူးစက်ပြန့်ပွားလျက်ရှိသည့် ဒေသများသို့ ခရီးသွားရာဇဝင်ရှိပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့၊ အကြောင်းကြားရန် ပျက်ကွက်ခဲ့သူများနှင့် ဆက်စပ်မှု ရှိနေမလားဆိုသည့် အချက်မှာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေသည်။ ကပ်ရောဂါနှင့် ရင်ဆိုင်ရချိန်တွင် လူ့အဖွဲ့အစည်းအတွင်း တစ်ကိုယ်ကောင်းဆန်သည့် အတွေးအခေါ်၊ အပြုအမူများကြောင့် မလိုလားအပ်သည့် ပြဿနာများ ပေါ်ပေါက်လာပြီး လူမှုဘဝနှင့် စီးပွားရေး အကြီးအကျယ် ထိခိုက်စေနိုင်သည့်အချက်မှာ အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဟု ဆိုနိုင်သည်။

ဒုတိယလှိုင်း ကြုံရချိန်တွင် ပထမလှိုင်း ရင်ဆိုင်ရချိန်ကထက် Epicenter ပိုကျယ်ပြန့်ခြင်း၊ ပထမလှိုင်း ရင်ဆိုင်ရချိန်ကလောက် အလှူရှင်မပေါများခြင်းကြောင့် ရန်ပုံငွေ လိုအပ်ခြင်း၊ ပထမလှိုင်းကတည်းက မနေမနား တာဝန်ထမ်းဆောင်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများ ခြေကုန်လက်ပန်းကျပါက အစားထိုးနိုင်မည့် ရင်းမြစ်မရှိခြင်း၊ အစိုးရက ညွှန်ကြားချက်များ ထုတ်ပြန်နေသော်လည်း နှာခေါင်းစည်း မတပ်ဘဲ သွားလာနေကြခြင်း၊ လူဦးရေထူထပ်သည့် ရန်ကုန်မြို့တွင် အလုပ်သွား၊ အလုပ်ပြန်အချိန်များ၌ ဘတ်စ်ကားများ လူကြပ်ခြင်းကြောင့် လူထုဘဝ စိတ်ချလုံခြုံမှုမရှိခြင်း စသည့် စိန်ခေါ်မှုများ ရင်ဆိုင်နေရဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ များပြားလာသည်ဟု သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်တွင် လုံခြုံရေးတင်းကျပ်ပြီး ယင်းတို့နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုများ လျော့နည်းပပျောက်အောင် ဆောင်ရွက်ခဲ့သည်။ သို့သော် မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတား Cargo ဂိတ်မှ ကုန်တင်ယာဉ်ဖြင့် မြန်မာနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်လာသည့် အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းမှာ နယ်စပ်လုံခြုံရေးအတွက် သင်ခန်းစာယူရမည့် ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်သည်။ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက်နေခြင်းကြောင့် နယ်စပ်လုံခြုံရေးကို တင်းကျပ်စွာ ဆောင်ရွက်ရေးမှာလည်း ဒုတိယလှိုင်းအတွင်း၊ ဒုတိယလှိုင်းအလွန်ကာလတွင် အထူးသတိပြုလုပ်ဆောင်ရမည့်အချက်ဟု ဆိုရမည်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top