ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်ကျန်းမာရေး အကြံပြုချက်များ ရယူနိုင်မည့် “မေမေ’’ Viber Chatbot ကို စတင်မိတ်ဆက်

Photo-1_May-May-Viber-Chatbot.png

မြန်မာနိုင်ငံရှိ မိခင်များနှင့် ကလေးငယ်များ၏ ကျန်းမာရေး ရေရှည်ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် Koe Koe Tech (KKT) က ‘မေမေ’ အမည်ရှိ chatbot ကို Viber တွင် စတင်မိတ်ဆက်ခဲ့သည်။ ‘မေမေ’ chatbot သည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်တွင် Koe Koe Tech နှင့် Population Services International တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် ‘မေမေ’ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ကျန်းမာရေး စောင့်ရှောက်မှု အက်ပလီကေးရှင်းကို အဆင့်မြှင့်တင် ထားခြင်း ဖြစ်သည်။ ယခု ‘မေမေ’ chatbot သည် ကိုယ်ဝန်ဆောင်၊ ကလေးငယ် ကျန်းမာရေးများနှင့်ပတ်သက်၍ ဆရာဝန်များနှင့် အခြားသော ကျန်းမာရေးပညာရှင်များ၏ အကြံပေးချက်များ၊ ဗဟုသုတများကို အပတ်စဉ်စာတိုပေးပို့မှုများ၊ မေးလေ့မေးထ ရှိသော မေးခွန်းများမှတဆင့် အသုံးပြုသူများထံ ပေးအပ်သွားမည် ဖြစ်သည်။

အသုံးပြုသူများသည် ‘မေမေ’ Viber chatbot မှတဆင့် ကိုယ်ဝန်သက်တမ်း (သို့) ကလေးငယ်၏ မွေးနေ့ အစရှိသည့် အခြေခံ အချက်အလက်များကို ဖြည့်သွင်းလိုက်ပါက ကျန်းမာရေးအကြံပေးချက် စာတိုများအား တစ်ပတ်လျှင် ၃ ကြိမ် လက်ခံရရှိသွားမည် ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ ချမှတ်ထားသည့် မိခင်၊ မွေးကင်းစနှင့် ကလေးငယ် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အထူးကုဆရာဝန်ကြီးများနှင့် ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် အကြံပေးမည်ဖြစ်ပြီး ကလေး မီးမဖွားခင်၊ မီးဖွားစဉ်နှင့် မီးဖွားပြီး ကာလများတွင် မိမိကိုယ်တိုင် နှင့် မိမိရင်သွေးငယ်၏ ကျန်းမာရေး ကောင်းမွန်စေရန် သိရှိလိုက်နာရမည့် အချက်များ ပါဝင်မည် ဖြစ်သည်။

ထို့အပြင် ကိုယ်ဝန်ဆောင်နေစဉ် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ အရေးကြီးသော ကျန်းမာရေးပိုင်းဆိုင်ရာ လက္ခဏာများ၊ ကျန်းမာရေးနှင့် ညီညွတ်စေရန် မှီဝဲရမည့် အာဟာရများနှင့် ပတ်သက်သော အချက်အလက်များ၊ အကြံပေးချက်များလည်း ပါဝင်မည် ဖြစ်သည်။“မြန်မာနိုင်ငံတဝန်း ကျေးလက်ဒေသတွေမှာရှိတဲ့ အမျိုးသမီးအများစုဟာ ယုံကြည်စိတ်ချရတဲ့ မိခင်၊ မွေးကင်းစ နဲ့ ကလေးငယ် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်တွေကို ရရှိနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်တယ် ဆိုတာ ကျွန်မတို့ သိရှိထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ အနေနဲ့ ‘မေမေ’ Viber chatbot ကို ဖန်တီးခဲ့တာပါ။ ဒီ ပလက်ဖောင်းကနေတဆင့် အမျိုးသမီးတွေ အနေနဲ့ ကိုယ်ဝန်ဆောင်၊ ကလေးငယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ အရေးကြီးတဲ့ အကြံပေးချက်တွေ၊ အချက်အလက်တွေကို အလွယ်တကူ ရယူနိုင်မှာပါ” ဟု Koe Koe Tech ၏ Head of Programme-Health ဖြစ်သူ မဟေမာဝင်းက ပြောကြားခဲ့သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top