ထိုင်းနိုင်ငံမှ မြန်မာလုပ်သားများအနေဖြင့် TrueMoney Wallet ကိုအသုံးပြုပြီး မြန်မာနိုင်ငံမှမိသားစုဝင်များထံ ပိုမိုလုံခြုံပြီး သက်သာလျင်မြန်စွာ ငွေလွှဲနိုင်ပြီ

true.webp

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်လျက်ရှိသော သန်းနှင့်ချီသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် မိမိတို့ လုပ်အားခဝင်ငွေများကို မြန်မာနိုင်ငံမှ မိသားစုဝင်များနှင့် ချစ်ခင်ရသူများထံ သို့ လွယ်ကူမြန်ဆန်လုံခြုံပြီး ကုန်ကျစရိတ် သက်သာစွာ ငွေလွှဲနိုင်မည့် နိုင်ငံတကာ ငွေလွှဲဝန်ဆောင်မှုကို TrueMoney နှင့် KBZPay တို့ပူးပေါင်း၍ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ဤဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူများသည် ထိုင်းနိုင်ငံရှိ TrueMoney Wallet မှ မြန်မာနိုင်ငံရှိ KBZPay အကောင့်များ သို့မဟုတ် KBZ Bank အကောင့်များသို့ တိုက်ရိုက်ငွေလွှဲနိုင်မည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် လက်ခံသူများထံသို့ ငွေကြေးများကို လုံခြုံစွာ၊ အဆင်ပြေစွာနှင့် အချိန်နှင့်တစ်ပြေးညီ ရောက်ရှိစေရန် ရည်ရွယ်ထားပါသည်။ အဆိုပါ ငွေလွှဲဝန်ဆောင်မှုကို အရှေ့တောင်အာရှ၏ ထိပ်တန်း Fin-Tech ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းတစ်ခုဖြစ်သည့် TrueMoney နှင့် မြန်မာနိုင်ငံမှ အသုံးအများဆုံး mobile wallet ဖြစ်သည့် KBZPay နှင့် ပူးပေါင်းကာ ဆောင်ရွက်ထားခြင်းဖြစ်ပြီး ထိုင်းမှမြန်မာသို့ ငွှေလွှဲပြောင်းမှုများကို ပိုမိုလုံခြုံစိတ်ချရပြီး၊ လွယ်ကူမြန်ဆန်ကာ အဆင်ပြေစေရန် ရည်ရွယ်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများအနေဖြင့် အလွတ်သဘောငွေလွှဲလမ်းကြောင်းများကို အသုံးပြုရာတွင် ငွေလွှဲခမြင့်မားခြင်း၊ ငွေကြေးဆိုင်ရာ အန္တရာယ်များနှင့် ငွေလွှဲရာတွင် ကြန့်ကြာမှုများကို ရင်ဆိုင်ကြရလေ့ရှိပါသည်။ ၎င်းတို့၏ ငွေလွှဲပို့မှုတိုင်းသည် မိသားစုများ၏ နေ့စဉ်စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေးစရိတ်များအတွက် တိုက်ရိုက်အထောက်အကူပြုနေသည့်အတွက် လုံခြုံစိတ်ချရသော တရားဝင်ငွေလွှဲလမ်းကြောင်းရှိခြင်းက အလွန်အရေးပါလာခဲ့သည်။

၂၀၂၅ ခုနှစ်အတွင်း နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းလုပ်သားများမှ လွှဲပြောင်းခဲ့သော ငွေပမာဏသည် အမေရိကန်ဒေါ်လာ ၅.၆ ဘီလီယံအထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်၏ ၃.၅ ဘီလီယံဒေါ်လာထက် သိသိသာသာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။ ယင်းပမာဏသည် မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၄ ရာခိုင်နှုန်းခန့်နှင့် ညီမျှကာ ရွှေ့ပြောင်းလုပ်သားများ၏ ငွေလွှဲပို့မှုသည် မိသားစုများ၏ စားဝတ်နေရေးကို အထောက်အပံ့ပေးရုံသာမက နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော မောင်းနှင်အား တစ်ရပ်ဖြစ်ကြောင်း ဖော်ပြနေသည်။ ထို့ကြောင့် ယုံကြည်စိတ်ချရသော တရားဝင်ငွေလွှဲဝန်ဆောင်မှုများ ပိုမိုအသုံးပြုလာနိုင်ခြင်းသည် ငွေလွှဲပို့သူနှင့် လက်ခံသူ နှစ်ဖက်စလုံးအတွက် ငွေကြေးဆုံးရှုံးမှုအန္တရာယ်များကို လျှော့ချကာကွယ်ပေးကာ ယုံကြည်စိတ်ချရသော ငွေလွှဲပြောင်းမှုကို ရရှိနိုင်သကဲ့သို့ လူမှုအသိုက်အဝန်းများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသော အခန်းကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိသည်။

TrueMoney President ဖြစ်သူ Mr. Tanyapong Thamavaranukupt မှ “TrueMoney ရဲ့ ရည်မှန်းချက်ကတော့ လူတိုင်းအတွက် လုံခြုံစိတ်ချရပြီး လက်လှမ်းမီနိုင်တဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ KBZPay ရဲ့ ခိုင်မာတဲ့ ဝန်ဆောင်မှုကွန်ရက်တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တာဟာ နိုင်ငံရပ်ခြားမှာရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားသန်းပေါင်းများစွာအတွက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုတွေကို အလွယ်ကူအဆင်ပြေဆုံး ဖြစ်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ကတိကဝတ်ကို ပြလိုက်တာလည်းဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

TrueMoney Myanmar ၏ Country Managing Director ဖြစ်သူ ဦးထွန်းထွန်းလင်း မှ “နိုင်ငံရပ်ခြားမှာရှိတဲ့ မြန်မာပြည်သူတွေ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားတွေအတွက် ငွေလွှဲပို့မှုဆိုတာ မိသားစုတွေနဲ့ ချိတ်ဆက်ပေးတဲ့ အရေးကြီးတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်ပါတယ်။ TrueMoney က လက်ရှိမှာ ထိုင်းနိုင်ငံတစ်ဝန်း အသုံးပြုသူ သန်း ၃၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းမှာလည်း အေးဂျင့် ၃၀,၀၀၀ ကျော်နဲ့ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အလားတူ KBZPay ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူအများဆုံး မိုဘိုင်းငွေပေးချေမှုဝန်ဆောင်မှုတွေထဲက တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိတာကြောင့် အခုလိုပူးပေါင်းဆောင်ရွက်မှုကနေ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေအနေနဲ့ TrueMoney Wallet ကိုသုံးပြီး မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေက KBZPay ကနေပဲဖြစ်ဖြစ်၊ KBZ ဘဏ်မှာပဲဖြစ်ဖြစ် ရယူလိုက်ရုံပဲဖြစ်တဲ့အတွက် တကယ်ကို လွယ်လွယ်ကူကူနဲ့ လျင်မြန်စိတ်ချစွာ ငွှေလွှဲလို့ရသွားပြီ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံတစ်ဝန်းရှိ 7-Eleven ဆိုင်ပေါင်း (၁၄,၀၀၀) ကျော်တွင်လည်း ငွေလွှဲပို့လိုသူများအနေဖြင့် ၂၄ နာရီ၊ ၇ ရက်ပတ်လုံး အချိန်မရွေး ငွေဖြည့်ဝန်ဆောင်မှုကို လွယ်ကူအဆင်ပြေစွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ ဦးဇော်လင်းအောင် မှ “KBZ ဘဏ်အနေနဲ့ ထိုင်းနိုင်ငံက TrueMoney နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် အထူးဝမ်းမြောက်မိပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု ချိတ်ဆက်မှုကို ပိုမိုခိုင်မာစေမယ့် အရေးကြီးတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကမ္ဘောဇဘဏ်အနေနဲ့ မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် ရွှေ့ပြောင်းလုပ်သားများနဲ့ သူတို့ရဲ့မိသားစုများရဲ့ နေ့စဉ်ဘဝလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လုံခြုံစိတ်ချရပြီး လွယ်ကူအဆင်ပြေတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုများ ထိထိရောက်ရောက် ပံ့ပိုးပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေတစ်ဆင့် မိသားစုများအကြား လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ် (100% financial inclusion) ကို မြှင့်တင်ဖို့နဲ့ ဒေသတွင်း ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှုများ ပိုမိုတိုးတက်စေဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

TrueMoney သည် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် လုံခြုံစိတ်ချရပြီး အသုံးပြုရလွယ်ကူသော ဒစ်ဂျစ်တယ်ငွေလွှဲနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ရရှိနိုင်စေရန် ၎င်း၏ နိုင်ငံတကာဝန်ဆောင်မှု တိုးချဲ့ရေးမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသော မလေးရှား၊ ဂျပန်၊ ကိုရီးယားနိုင်ငံများအပါအဝင် အခြားနိုင်ငံများတွင်လည်း ယုံကြည်စိတ်ချရသော ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top