တစ်လခွဲကြာပိတ်ထားတဲ့ ယုဇနပလာဇာနဲ့ မင်္ဂလာဈေးကို ပြန်လည်ဖွင့်လှစ်တော့မယ်

12-5-2020-yyl-011.jpg

ရန်ကုန် မေ ၁၂
တစ်လခွဲလောက် ယာယီပိတ်သိမ်းထားတဲ့ ယုဇနပလာဇာဈေးနဲ့ မင်္ဂလာဈေးတို့ကို မေ ၁၆ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားတော့မယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးက ရိုးရာလေးကို ပြောပါတယ်။

”ပြန်ဖွင့်မယ်ဆိုတာ ဟုတ်ပါတယ်။ မင်္ဂလာဈေးထဲမှာက ဆေးဆိုင်တွေနဲ့ စားသောက်ကုန်ဆိုင်တွေကလွဲပြီး ကျန်တဲ့ဆိုင်တွေကို ပိတ်ထားတာပေါ့။ ဒါပေမဲ့ မေ ၁၆ ရက်နေ့မှာ အကုန်လုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် အစီအစဉ်တွေ လုပ်နေပါပြီ”လို့ ဦးလှဌေးက ပြောပါတယ်။

ဈေးတွေကို ရေရှည်ပိတ်ထားရင် ဈေးသူ၊ ဈေးသားတွေရဲ့ အကျိုးစီးပွားလည်း ထိခိုက်လာနိုင်တဲ့အပြင် ပြည်ထောင်စုရဲ့ ညွှန်ကြားချက်တချို့ကလည်း ၁၅ ရက်ထိပဲဖြစ်တဲ့အတွက်ကြောင့် အခုလိုပြန်ဖွင့်ပေးဖို့ စဉ်းစား လိုက်တာဖြစ်တယ်လို့လည်း ဦးလှဌေးက ဆိုပါတယ်။

COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ်ထဲက အများပြည်သူ ဝင်၊ ထွက်သွားလာမှုများပြားတဲ့ ယုဇနပလာဇာဈေးနဲ့ မင်္ဂလာဈေးတို့ကို မတ် ၃၁ ရက်ကနေစတင်ပြီး ယာယီ ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ဒီဈေးကြီး ၂ ဈေးအပါအဝင် မင်္ဂလာဈေးဝင်းအတွင်းမှာရှိတဲ့ ဈေးတွေကိုလည်း မေ ၁၆ ရက်မှာ ပြန်လည်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top