မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်

clay3.jpg

မြန်မာ့ရိုးရာ ပွဲတော်တစ်ခုဖြစ်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါကတော့ အိုးပုတ်ပွဲတော်ပါ။

အိုးပုတ်ပွဲတော်ဆိုတာ တောင်ပြုံးပွဲမတိုင်ခင် အကြိုအနေနဲ့ တစ်ရက်တည်းသာ ကျင်းပသောပွဲတော်တစ်ခုပါ။ အိုးပုတ်ပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း ၈ ရက်နေ့မှာ ကျင်းပလေ့ရှိတာပါ။ ဒီနေ့က ဝါခေါင်လဆန်းရှစ်ရက်နေ့မို့ မန္တလေးမြို့မှာ အိုးပုတ်ပွဲတော် ကျင်းပလျက်ရှိပါတယ်။

မန္တလေးမြို့ အိုးဘိုရပ်ကွက် အောင်မြေသာဇံ မြို့နယ်မှာ အိုးပုတ်ပွဲတော်ကို ကျင်းပတာပါ။ အိုးဘိုရပ်ကွက်လို့ ခေါ်ရတဲ့အကြောင်းရင်းကလဲ ရှေးမြန်မာမင်းများလက်ထက်က အိုးများ ပြုလုပ်ကာ အသက်မွေးရာ အိုးဖိုများရှိသော အရပ်မို့ အိုးဖို (အိုးဘို) ရပ်ကွက်လို့ အမည်တွင်လာတယ်လို့ သိရပါတယ်။

တောင်ပြုံးပွဲတော် မတိုင်ခင်ကျင်းပသော ပွဲတော်လည်းဖြစ်တဲ့ အပြင် တနယ်တကျေးမှ လာရောက် ရောင်းချ ကြပြီး တောင်ပြုံးပွဲသို့ သွားရာလမ်းတစ်လျှောက်မှာ တစ်ထောက်နားကာ အိုးများရောင်းချကြရာမှ နောက်ပိုင်း အိုးပုတ်တွေကိုပါ ပြုလုပ်ရောင်းချကြပြီး အိုးပုတ်ပွဲတော် ဖြစ်လာတယ်လို့လဲ ဆိုစမှတ်ပြုကြပါသေးတယ်။ ရွှေကျွန်းပင်မောင်နှမ နတ်ပွဲအပြီး တောင်ပြုံးပွဲ အစမှာ အိုးပုတ်ပွဲတော်ကို ကျင်းပလေ့ရှိပါတယ်။

အနီးအနားကျေးရွာများ၊ မြို့နယ်များကနေ လာရောက်ပြီး အမျိုးမျိုးသော ကစားစရာ အိုးပုတ် အရုပ်လေးများကို လာရောက်ရောင်းချကြတာပါ။ အရောင်အသွေး စုံစုံလင်လင်နဲ့ ချစ်စဖွယ် လိုချင်စဖွယ် မြန်မာ့ လက်မှုလက်ရာ အိုးပုတ်ကလေးများကို စုံစုံလင်လင် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ အရင်ကထက်စာရင် အခုနောက်ပိုင်း ပွဲတော်တွေမှာ အိုးပုတ်တွေက ဆေးရောင်တွေ ပိုမိုစုံလင်လာပြီး ပိုလည်း လှပစွာ ဆေးခြယ်လာကြတယ်လို့လဲ သိရပါတယ်။ တခြား စဉ့်နဲ့ ပြုလုပ်ထားသော လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း ဝယ်ယူရရှိနိုင်တယ်လို့လဲ သိရပါတယ်။ ရာဝင်အိုးကြီးတွေကအစ ရောင်းချတယ်လို့လဲ သိရပါတယ်။

အိုးပုတ်ပွဲတော်ကို လာရောက်တဲ့ မိန်းမပျိုလေးများက ကျောက်ခတ်ပန်းလေးများကို ပန်းခွေသဖွယ် ပန်ဆင်ကြပါတယ်။ ဒီဓလေ့ကတော့ ရိုးရာအနေနဲ့ အလှဆင်ခြင်း အပြင်  ပွဲတော်ကျင်းပချိန်တွင် ရာသီဥတုပူပြင်းသော ဒဏ်မှ ကာကွယ်ရန်အတွက်လည်း ရည်ရွယ်တယ်လို့ freelance photographer တစ်ဦးဖြစ်သူ၊ အိုးပုတ်ပွဲတော်ကိုလည်း သွားရောက် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ မန္တလေးမှ မဖြူအေးပွင့်က ပြောပြခဲ့ပါတယ်။


ကျောက်ခတ်ပန်းကုံးလေးတွေဟာ အိုးပုတ်ပွဲတော်ရဲ့ နောက်ထပ် ထင်ရှားတဲ့ အထိမ်းအမှတ် သင်္ကေတတစ်ခုလို့ ပြောလို့ရပါတယ်။ ဒီဓလေ့ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်ကမှ ခေတ်စားလာတာပါ။ အိုးပုတ်ပွဲတော်မှာသာမက တောင်ပြုံးပွဲတော် အပြင် ရတနာ့ဂူပွဲတွင်ပါ ကျောက်ခတ်ပန်းများ ပန်ဆင်ခြင်းက ရိုးရာတစ်ခု ဖြစ်လာခဲ့ပေမယ့် အိုးပုတ်ပွဲတော်ကနေတဆင့် လူသိပိုများလာခဲ့တာပါ။

ကျောက်ခတ်ပန်းလေးတွက ဝါဆို၊ ဝါခေါင်လတွေမှာ တွေ့ရပြီး ရန်ကင်းတောင်၊ ရက်ကန်းစင်တောင်နဲ့ မြခနောက်တောင် အစရှိတဲ့ တောင်စွယ်တောင်တန်းတွေမှာ အလေ့ကျပေါက်လေ့ရှိတယ်လို့  မဖြူအေးပွင့်က ပြောပြခဲ့ပါတယ်။ ဒီကျောက်ခတ်ပန်းလေးတွေနဲ့ ပန်းကုံးလုပ်ပြီး အရပ်ဈေးသည်တွေက ရောင်းချကြရာမှ အခုဆိုရင် အိုးပုတ်ပွဲတော်ဆိုတာနဲ့ ကျောက်ခတ်ပန်းကုံးတွေကလဲ မပါမဖြစ် တွဲမြင်နေရတော့တာပါ။

အိုးပုတ်ပွဲတော်ကို အိုးပုတ်ခိုးပွဲလို့လည်း ခေါ်ကြပါတယ်။ အိုးပုတ်ကလေးများကို အပျော်သဘော ခိုးယူလေ့ရှိကြတာမို့  အခုလို ခေါ်ကြတာလို့ ဆိုပါတယ်။ “အရင်ကဆို ခိုးကြတယ်။ အိုးပုတ်တွေကို သိရင်တော့ ပြန်ပေးရတယ်။ မသိရင် ယူလို့ရတယ်တဲ့။ အိုးကြီးတွေ အထိတောင်ရအောင် ခိုးကြတယ် ပြောကြတာပဲ” လို့  မန္တလေးသားတစ်ဦးဖြစ်တဲ့ ကိုမင်းမင်းထွန်းက ပြောပြပါတယ်။ အိုးပုတ်ပွဲတော်အကြောင်းနဲ့ပက်သက်လို့လဲ သူက “အိုးပုတ်ပွဲတော် မလုပ်ခင် မန်းလေးမြို့ထဲမှာ အရင် အိုးပုတ်တွေ ခင်းပြီးရောင်းကြသေးတယ်။ ပြီးမှ အဲ့ဘက်ကို ကူးကြတာ” လို့ စိတ်ဝင်စားစရာပြောပြခဲ့ပါသေးတယ်။

အိုးပုတ်ပွဲတော်ဆိုတာ နှစ်စဉ် ကျင်းပလာခဲ့တဲ့ မြန်မာ့ရိုးရာ ချစ်စဖွယ်ပွဲတော် တစ်ခု ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုစစ်စစ်ကို ဖော်ကျူးတဲ့ ပွဲတော်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ယနေ့ခေတ်လို အပျော်ကနေ အပျက်ကို ဦးတည်လာတဲ့ပွဲတော်တွေကြားထဲမှာ အခုလို ချစ်စရာပွဲတော်တစ်ခု မပျောက်မပျက် ဆက်လက်ကျင်းပနေသေးတာ ချစ်စဖွယ်ဂုဏ်ယူစရာပါ။

ဒီ Feature အတွက် ဓာတ်ပုံတွေကိုပါ ယူသုံးခွင့်ပေးတဲ့ အပြင် သိချင်တာလေးတွေကိုပါ ပြောပြပေးတဲ့ မန္တလေးမှ Freelance Photographer မဖြူအေးပွင့် (မေစံပယ်လေး) ကို ကျေးဇူး အများကြီး တင်ပါတယ်။ မေးခွန်းတွေ ဖြေပေးတဲ့ မန္တလေးမှ ကိုမင်းမင်းထွန်းကိုလဲ ကျေးဇူးအများကြီး တင်ကြောင်း ဒီကနေ တစ်ခါတည်းပြောချင်ပါတယ်။

Photos Credit: Freelance Photographer မဖြူအေးပွင့် (မေစံပယ်လေး)

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top