ရန်ကုန်တက္ကသိုလ်ရာပြည့်အကြို အသုံးချဒဿနအမြင်ပြပွဲနဲ့ ဒဿနစကားဝိုင်း

ရန်ကုန်တက္ကသိုလ်ရဲ့ ရာပြည့်အကြို (၉၉)နှစ်ပြည့်အထိမ်းအမှတ် အသုံးချဒဿနအမြင်ပြပွဲနဲ့ ပညာရှင်များရဲ့ဒဿနစကားဝိုင်းကို သြဂုတ် (၂၆) ရက်၊ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ်၊ အပန်းဖြေရိပ်သာ (RC) ခန်းမမှာ ကျင်းပနေပါတယ်။ ဒီပြပွဲနဲ့ စကားဝိုင်းကို သြဂုတ် (၂၇) ရက်ထိ နှစ်ရက်ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှာ အခုနှစ်မှ စတင်ဖွင့်လှစ်နိုင်ခဲ့တဲ့ အသုံးချဒဿနပညာဘွဲ့လွန်ဒီပလိုမာသင်တန်းက သင်တန်းသား၊ သင်တန်းသူတွေက ဦးစီးကျင်းပခဲ့ကြတာပါ။

”ဘဝမှာ ဖီလိုဆိုဖီကို ဘယ်လိုလက်တွေ့အသုံးချလို့ရလဲဆိုတာကို ထုတ်ဖော်ပြသတာဖြစ်ပါတယ်။ များသောအားဖြင့် ဖီလိုဆိုဖီဆိုတာ တွေးနေတယ်လို့ပဲထင်နေပြီး တကယ်တမ်းက ဖီလိုဆိုဖီဆိုတာ အသုံးချလို့ရပါတယ်”လို့ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒဌာနပါမောက္ခ၊ ဌာနမှူး ဒေါက်တာလဲ့လဲ့ဝင်းက ပြောပြခဲ့ပါတယ်။

အသုံးချဒဿနအမြင်ပြပွဲမှာတော့ အသုံးချဒဿနပညာဘွဲ့လွန်ဒီပလိုမာသင်တန်းသား၊ သင်တန်းသူတွေ၊ ဆရာ၊ ဆရာမတွေ၊ ပြည်ပအနုပညာရှင်တွေရဲ့ ဆန်းသစ်တဲ့ ပန်းချီ၊ ပန်းပု၊ ကဗျာ၊ ဓါတ်ပုံ၊ အဆိုအမိန့်၊ Installation Art စတဲ့ အနုပညာလက်ရာများစွာကို တွေ့မြင်ခံစားနိုင်ပါတယ်။
”ဒီပွဲမှာ ပန်းချီကားတွေပါသလို Installation Art တွေကိုလည်းပြသထားပါတယ်။ ပန်းချီကားကတော့ ဗုဒ္ဓနဲ့ပတ်သက်တဲ့ပန်းချီကားတွေ အများဆုံးပါ။ Installation တွေကတော့ ကိုယ်ကျင့်တရားနဲ့ပတ်သက်တာတွေပါ” လို့ ပြပွဲမှာ ပန်းချီကား (၂၀) နဲ့ Installation Art နှစ်ခုကိုပါဝင်ပြသခဲ့တဲ့ ကိုဖိုးဉာဏ်က ပြောပါတယ်။

ဒဿနစကားဝိုင်းမှာတော့ ချစ်ဦးညို၊ မောင်မောင်ဇေယျ၊ ပါမောက္ခဒေါက်တာဆန်းထွန်း၊ ကျော်မင်းဆွေ (The Voice)၊ မင်းကိုနိုင်၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ ဒေါက်တာဟန်ထူးလွင် (Big Bag)၊ ဒါရိုက်တာဏကြီး၊ ပါမောက္ခဒေါက်တာမောင်ဆောင်နှင့် အင်းမောင်(ဒဿန) တို့က ပါဝင်ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
အခုလိုဆွေးနွေးရာမှာ လှပသောနိုင်ငံတော်၊ လူငယ်သစ်ရှာပုံတော် စတဲ့ခေါင်းစဉ်နှစ်ခုနဲ့ ဆွေးနွေးသွားကြမှာဖြစ်သလို ကျောင်းသား၊ ကျောင်းသူတွေရဲ့ “အားလုံးတော်သည် ဖီလိုဆိုဖီ” ခေါင်းစဉ်နဲ့ သရုပ်ပြတင်ဆက်မယ့်အနုပညာကိုလည်း ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကြီးဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ (၁) ရက်မှာ နှစ် (၁၀၀) ပြည့်မြောက်တော့မှာပါ အဲဒီ နှစ် (၁၀၀) ပြည့်ပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်ဖို့အတွက် ရာပြည့်အကြိုပွဲတွေကို အခုလိုကျင်းပနေခြင်းလည်းဖြစ်ပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top