အလီဘာဘာတည်ထောင်သူ ဂျက်မားပြောတဲ့ ဘဝပေးသင်ခန်းစာများ

jack-ma-lede1.jpg

အလီဘာဘာကုမ္ပဏီ တည်ထောင်သူတစ်ယောက်ဖြစ်ပြီး ၂၀၁၇ စက်တင်ဘာလ စာရင်းများအရ အသားတင်ပိုင်ဆိုင်မှု ၃၉.၂ ဘီလီယံရှိတဲ့ ဂျက်မားဟာ တရုတ်နိုင်ငံနဲ့ အာရှတိုက်မှာပါ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်တဲ့အပြင် စွန့်ဦးတီထွင်စီးပွားရေးလောကရဲ့ ပြယုဂ်တစ်ခုလို့ သတ်မှတ်ထားခြင်းခံရသူတစ်ယောက်ပါ။

ဒါ့အပြင် ဂျက်မားဟာ ၂၀၁၇ Fortune မဂ္ဂဇင်းရဲ့ ကမ္ဘာ့စွမ်းအားအရှိဆုံး ခေါင်းဆောင်များစာရင်းမှာ ဒုတိယနေရာက ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ဂျက်မားဟာ လူငယ်တွေကိုလည်း ကြိုးကြိုးစားစား တီထွင်လုပ်ကိုင်ဖို့ နိုးဆော်တတ်သူ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အောက်ခြေကနေအောင်မြင်တဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်အဖြစ် တက်လှမ်းလာရတဲ့ဘဝတစ်လျှောက် ဂျက်မားတွေ့ကြုံခဲ့ရတဲ့ သင်ခန်းစာတွေကတော့ –

၁။ ရှေ့ကို ကြိုတွေးထားပါ။

“ကျွန်တော်တို့ ဒီနေ့အောင်မြင်လာတာ ဒီနေ့မှာ ကျွန်တော်တို့ အစွမ်းကုန်လုပ်ခဲ့လို့မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက ကျွန်တော်တို့ ဒီနေ့ကို အိပ်မက်မက်ခဲ့လို့ပါ ”

၂။ ပိုက်ဆံဆိုတာ ပျော်ရွှင်မှု မဟုတ်ပါဘူး။ တာဝန်ယူမှုတစ်ခုပါ။

ဂျက်မားက ကောလိပ်ကထွက်ပြီးနောက်ပိုင်း အင်္ဂလိပ် သင်တန်းလေး ဖွင့်ခဲ့ပါသေးတယ်။ အဲ့တုန်းက တစ်လကို ဒေါ်လာ ၂၀ လောက်ရတယ်ဆိုတာ သူ့အတွက် အရမ်းကောင်းတဲ့အလုပ်လို့ သူ့ခံစားမိခဲ့တယ်တဲ့။ ဂျက်မားရဲ့စကားကတော့ “မင်းမှာ ဒေါ်လာ ၁ သန်းရှိရင် မင်းက ကံကောင်းတဲ့ လူပဲ။ ဒေါ်လာ ၁၀ သန်းလောက်ရလာပြီဆိုရင်တော့ မင်း ဒုက္ခရောက်ပြီ။ ခေါင်းတွေလည်း ကိုက်လာတော့မယ်။ မင်းမှာ ဒေါ်လာ သန်း ၁၀၀၊ ဒေါ်လာ ၁ ဘီလီယံ လောက်ရှိလာပြီဆိုရင် အဲ့ဒါက တာဝန်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတွေက မင်း ပိုက်ဆံကို ကောင်းကောင်း အသုံးချနိုင်တယ်ဆိုတာသိလို့ အပ်နှံထားတဲ့ ယုံကြည်မှုတွေပါ ”

သူပြောချင်တာက ပိုက်ဆံကို ကောင်းကောင်းအသုံးချနိုင်မှ ကြွယ်ဝလာနိုင်တယ်။ ဒါ့အပြင် တာဝန်ယူနိုင်မှ အကျိုးခံစားခွင့်ရနိုင်တာ ဖြစ်ပါတယ်။

၃။ မမျှော်လင့်ထားတာတွေ ဖြစ်တတ်တာကို မျှော်လင့်ထားပါ။

ဂျက်မားနဲ့တော့ မဆိုင်ပါဘူး။ ကျွန်တော် ဖတ်ဖူးတဲ့ ဆရာကြီး ရွှေဥဒေါင်းစကားရှိတယ်။ “လောကကြီး၌ မျှော်လင့်ထားပြီးဖြစ်လာတာတွေထက် မမျှော်လင့်ထားပဲဖြစ်လာတတ်တာတွေက ပိုများလေရာ မမျှော်လင့်ထားပဲ ဖြစ်လာတဲ့အခါ မအံ့ဩသင့်တော့ဘဲ မျှော်လင့်ထားပြီး ဖြစ်လာတော့မှ အော် ငါမျှော်လင့်ထားတဲ့အတိုင်းတကယ်ဖြစ်လာပါလား လို့သာ အံ့ဩနေသင့်တယ် ”

ဒီလိုပဲ ဂျက်မားကလည်း “ဘဝဆိုတာ ချောကလတ်ဘူးတစ်ဘူးလိုပဲ။ မင်းဘာတွေရလာမလဲဆိုတာ ဘယ်တော့မှ မသိနိုင်ဘူး ”လို့ သူအကြိုက်ဆုံး ရုပ်ရှင် Forrest Gump ထဲက စကားကို ကိုးကားပြီး ပြောဖူးပါတယ်။

၄။ အောင်မြင်ဖို့အတွက် ဆွေမျိုးတောင့်နေစရာမလိုဘူး။

“ကျွန်တော်အဖေက သူဌေးတစ်ယောက်မဟုတ်သလို့ ကျွန်တော်ဦးလေးကလည်း အာဏာရှိတဲ့ လူတစ်ယောက်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာရှိတာဆိုလို့ ကျွန်တော်တို့ကို အားပေးနေတဲ့ ဖောက်သည်တွေပဲရှိပါတယ်။ ” လို့ တရုတ်နိုင်ငံ ဟန်ဇူမြို့က တိုက်ခန်းလေးတစ်ခုမှာ အလီဘာဘာ ကုမ္ပဏီကို စတင်လုပ်ကိုင်ခဲ့တဲ့ ဂျက်မားက အားပေးပါတယ်။

၅။ ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်ဆိုရင် ပျိုမျစ်ခြင်းတွေမှာ မြှပ်နှံပါ။

“အောင်မြင်ချင်တဲ့သူတွေအတွက် လျှို့ဝှက်ချက်ကတော့ လူငယ်တွေကို ကူညီပါ။ လူငယ်တွေကို ပစ်မထားပါနဲ့။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေဆိုတာ အသက်ကြီးလာကြမှာပါ။ အသက်ကြီးလာတဲ့အချိန် သူတို့စိတ်ဓာတ်ထဲမှာ သင်ပျိုးထောင်ပေးလိုက်တဲ့ မျိုးစေ့က ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်လို့ပါ။

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top