ယူကရိန်းသမ္မတက အမေရိကန်လွှတ်တော်ကို သမိုင်းဝင်မိန့်ခွန်းပြော၊ ယူကရိန်းနိုင်ငံအတွက် နေ့ရက်တိုင်းက စက်တင်ဘာ ၁၁ လိုပဲလို့ ဆို

17-2-2022-yyl01.jpg

အမေရိကန်လွှတ်တော်ကို သမိုင်းဝင်မိန့်ခွန်းပြောချိန်မှာ ယူကရိန်းသမ္မတ ဇီလင်စကီးက စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုအကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး စစ်ဘက်ဆိုင်ရာ အကူအညီပိုမိုပေးအပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ ရုရှားရဲ့ ကျူးကျော်စစ် ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် နေ့စဉ်နေ့တိုင်းက စက်တင်ဘာ ၁၁ လို အဖြစ်မျိုး ကြုံနေရတယ်လို့ video link ကတစ်ဆင့် ဇီလင်စကီးက ပြောခဲ့ပါတယ်။ အမေရိကန်၊ နေတိုးအဖွဲ့တွေအနေနဲ့ ယူကရိန်းဝေဟင်ပေါ်မှာ မပျံသန်းရဇုန် သတ်မှတ်ပေးဖို့လည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

အမေရိကန်လွှတ်တော်ကို ဇီလင်စကီး မိန့်ခွန်းပြောပြီးနောက်မှာတော့ ယူကရိန်းနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ တန် စစ်ဘက်ဆိုင်ရာ အကူအညီပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။ အဲဒီငွေကို တင့်ဖျက်ကား၊ Stingers နဲ့ Javelins တို့လို လေယာဉ်ဖျက်လက်နက်တွေ ဝယ်ယူမှာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှု၊ ကာကွယ်ရေးနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့ပေးအပ်ဖို့ ပြီးခဲ့တဲ့အပတ်က အမေရိကန်လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အသုံးစရိတ်ဥပဒေကြမ်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က အဲဒီဥပဒေကြမ်းကို လက်မှတ်ရေးထိုးရာမှာ ယူကရိန်းနိုင်ငံကို ဝင်တိုက်တဲ့ ရုရှားသမ္မတ ပူတင်ရဲ့လုပ်ရပ်ကြောင့် ကမ္ဘာတစ်ဝန်းကလူတွေ စည်းလုံးညီညွတ်သွားကြတယ်လို့ ဂျိုးဘိုင်ဒင်က ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဂျိုးဘိုင်ဒင်အစိုးရဟာ ယူကရိန်းနိုင်ငံအတွက် Mi-17 ရဟတ်ယာဉ်တွေ၊ ကင်းလှည့်ရေယာဉ်တွေ၊ ပခုံးထမ်းလောင်ချာတွေ၊ စက်သေနတ်တွေ အပါအဝင် အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံတန် လက်နက်တွေ ပေးအပ်ခဲ့ဖူးတယ်လို့ နယူးယော့ခ်တိုင်းမ်သတင်းစာက ဖော်ပြပါတယ်။

ယူကရိန်းသမ္မတ ဇီလင်စကီးက သူ့နိုင်ငံဝေဟင်မှာ လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ပေးဖို့ ထပ်ဖန်တလဲလဲ တောင်းဆိုနေပေမဲ့ နေတိုးကတော့ ငြင်းဆန်နေဆဲပါပဲ။ လေယာဉ်မပျံသန်းရဇုန် သတ်မှတ်လိုက်ရင် အဲဒီပိုင်နက်ထဲကို ရုရှားလေယာဉ်တွေ ဝင်လာတာနဲ့ နေတိုးအဖွဲ့က တိုက်ရိုက်ရင်ဆိုင်ရမှာဖြစ်ပြီး လိုအပ်လာရင် ပစ်ချရမှာပါ။ ယူကရိန်းသမ္မတဇီလင်စကီးက ပိုလန်နိုင်ငံရဲ့ MiG-29 တိုက်လေယာဉ်တွေကို သူတို့ဆီ ပေးအပ်ဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂကို တောင်းဆိုထားပါတယ်။ ဒါပေမဲ့ အဲဒီတောင်းဆိုချက်ကို ခွင့်ပြုလိုက်ရင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို စစ်ထဲ ဆွဲသွင်းရာ ရောက်စေမယ်ဆိုပြီး ဂျိုးဘိုင်ဒင်က ပယ်ချခဲ့ပါတယ်။

Ref: BBC “Ukraine war: Zelensky invokes 9/11 in plea to US Congress”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top