မီးမရှိ၊ ကျောင်းမရှိတဲ့ တောင်ပေါ်ရွာလေးကနေ ထွန်းပေါက်ခဲ့သူ(သို့) စက္ခုနတ်ဘုရား

31.3.2023-yyl-iamge-26-1.jpg

သူ့ကို စက္ခုတစ်သိန်း ဆရာဝန် (သို့) စက္ခုနတ်ဘုရားလို့ ဂုဏ်ပြုခေါ်ဝေါ်ကြပါတယ်။ သူဟာ အာဖရိကနဲ့ အာရှတစ်လွှားက မျက်စိအတွင်းတိမ် ဝေဒနာရှင် ၁၈၀၀၀၀ ကျော်ကို စက္ခုအလင်း ဆောင်ကျဉ်းပေးနိုင်ခဲ့သူမို့ပါပဲ။ သူကတော့ နီပေါနိုင်ငံသား မျက်စိဆရာဝန် ဆန်ဒုရေ့ပါပဲ။

သူ့မိဘတွေက စာမတတ်ကြပါဘူး။ တိဘက်ကုန်းမြင့်ဒေသနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ တောင်ပေါ်ရွာလေးမှာ သူ့ကို မွေးဖွားခဲ့ပါတယ်။ လူသူအရောက်အပေါက်နည်းတဲ့ ရွာငယ်လေးမှာ မီး မရှိ၊ ကျောင်း မရှိ၊ ဆေးရုံဆေးခန်း မရှိ၊ ဖုန်းလိုင်း မရှိပါဘူး။ တစ်နှစ်မှာ ၆ လကနေ ၉ လလောက်က ဆီးနှင်းတွေ ဖုံးလွှမ်းနေပါတယ်။ လူဦးရေ ၂၀၀ လောက်ပဲ နေတဲ့ ဒီရွာလေးမှာ တောင်ယာစိုက်၊ မွေးမြူရေးလုပ်ပြီး အသက်မွေးကြရပါတယ်။

မွေးချင်း ၆ ယောက်ထဲမှာ ဆန်ဒုရေ့က ဒုတိယအကြီးဆုံးပါ။ သူ့အစ်ကိုက ၃ နှစ်သားအရွယ်မှာ ကာလဝမ်းရောဂါကြောင့် ကွယ်လွန်ခဲ့သလို သူ့ညီမလေးကလည်း ရှစ်နှစ်သမီးအရွယ်မှာ အဖျားရောဂါကြောင့် တိမ်းပါးခဲ့ပါတယ်။ သူနဲ့ အရမ်းချစ်တဲ့ ညီမလေးကလည်း ၁၅ နှစ်သမီးမှာ တီဘီရောဂါကြောင့် သေဆုံးခဲ့ပါတယ်။ မိသားစုက ဆေးကုစရိတ် မတတ်နိုင်ခဲ့လို့ ညီမဖြစ်သူ အသက်ဆုံးရှုံးခဲ့ရတာကို ဆန်ဒုရေ့ တစ်သက်မမေ့ပါဘူး။ ဒီဖြစ်ရပ်ကပဲ သူ့ကို ဆရာဝန်ဖြစ်လာအောင် တွန်းအားပေးခဲ့တာပါ။

သူတို့ရွာနဲ့ အနီးဆုံးကျောင်းက ၁၅ ရက်လောက် လမ်းလျှောက်သွားရပါတယ်။ ဆန်ဒုရေ့က ၄၊ ၅ နှစ်လောက် အိမ်နဲ့ခွဲနေပြီး ပညာကို ကြိုးစားသင်ခဲ့ပါတယ်။ အလယ်တန်းကျောင်းပြီးတော့ အိန္ဒိယမှာ ပညာဆက်သင်ခဲ့တယ်။ အဲဒီကနေ ပညာသင်ဆုရပြီး လက်ခ်နောင်းမြို့မှာ ဆေးကျောင်းတက်ခဲ့တာပါ။
သူဟာ ကုန်ကျစရိတ်အလွန်သက်သာတဲ့ မျက်စိအတွင်းတိမ် ခွဲစိတ်ဖယ်ရှားမှု နည်းလမ်းသစ်ကို ဖော်ဆောင်နိုင်ခဲ့ပြီး ဆင်းရဲနွမ်းပါးသူတွေကို မျက်စိအလင်း ပြန်ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း အာရှနိုဗယ်ဆုလို့ မှတ်ယူကြတဲ့ ရာမွန်မက်ဆေးဆေးဆု (Ramon Magsaysay Award ) ချီးမြှင့်ခံခဲ့ရတာပါ။

တီလ်ဂင်္ဂါမျက်စိခွဲစိတ်ကုသရေးသိပ္ပံဌာနကို ဦးဆောင်တည်ထောင်ခဲ့သူဖြစ်ပြီး အရည်အသွေးမြင့် မျက်ကြည်လွှာမှန်ဘီလူးတွေကို စရိတ်နည်းနည်းနဲ့ ထုတ်လုပ်ပေးနိုင်ခဲ့ပါတယ်။ ဆန်ဒုရေ့ဟာ မြောက်ကိုရီးယားက မျက်စိဝေဒနာရှင် ၁၀၀၀ ကျော်ကို ခွဲစိတ်ကုသပေးခဲ့ပြီး မြောက်ကိုရီးယားဆရာဝန်တွေကိုပါ လေ့ကျင့်သင်ကြားပေးခဲ့ဖူးပါတယ်။

Ref: God of Sight: Sanduk Ruit

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top