ကျပန်းလုပ်သားဘဝကနေ သန်းကြွယ်သူဋ္ဌေးဖြစ်လာသူ

2-6-2022-yyl07.jpg

၁၂ နှစ်သားအရွယ်မှာ သူ့အဖေ ဆုံးသွားတယ်။ တစ်မိသားစုလုံးရဲ့ စားဝတ်နေရေးအတွက် လမ်းဘေးဈေးသည် အမေ့ကိုပဲ မှီခိုလို့ မရတော့ဘူးဆိုတာ သူ နားလည်လိုက်တယ်။ ဒီတော့ သူလည်း ကြုံရာကျပန်း အလုပ်လိုက်လုပ်တယ်။ အလုပ်တစ်ဖက်နဲ့မို့ ကျောင်းစာ မလိုက်နိုင်ဘူး။ မူလတန်းနဲ့ အလယ်တန်းအဆင့် အောင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတယ်။ ဆွေမျိုးတွေ ကျေးဇူးကြောင့် မာပူအာနည်းပညာသိပ္ပံမှာ ကျောင်းအပ်နိုင်ခဲ့ပေမဲ့ ကျောင်းမပြီးခဲ့ဘူး။ နောက်တော့ သူက ပုံနှိပ်တိုက်မှာ အလုပ်ဝင်လုပ်တယ်။ ၁၉၆၀ တစ်ဝိုက်မှာ ပုံနှိပ်တိုက်လုပ်ငန်းက ဝင်ငွေကောင်းတယ်။

ဒါပေမဲ့ သူက အလုပ်သမားဘဝနဲ့ မတင်းတိမ်ဘူး။ သူ့ကိုယ်ပိုင် ပုံနှိပ်စက်ထောင်ဖို့ ပုံနှိပ်စက်လုပ်ငန်းကို ခရေစေ့တွင်းကျ လေ့လာတယ်။ ရတဲ့ပိုက်ဆံကို စုရင်း ပုံနှိပ်စက်တစ်လုံး စထောင်တယ်။ သူ့အမေကို ရည်ရွယ်တဲ့အနေနဲ့ ပုံနှိပ်လုပ်ငန်းကို Solemar Commercial Press လို့ အမည်ပေးခဲ့တယ်။ အဲဒီတုန်းက သူ့အသက် ၁၇ နှစ်ပဲ ရှိပါသေးတယ်။

ပုံနှိပ်တိုက်လုပ်ငန်း အောင်မြင်လို့ သူလည်း တဖြည်းဖြည်း ပိုချမ်းသာလာတယ်။ ၁၉၇၉ ခုနှစ်က ဥရောပကို အလည်သွားရင်း စီးပွားရေးပြပွဲ တော်တော်များများကို သွားကြည့်တယ်။ အဲဒီမှာ အသစ်ပေါ်နေတဲ့ စက္ကူအိတ်အထောင်တွေကို သူ တွေ့သွားတယ်။ အဲဒီထုပ်ပိုးမှုပုံစံက စီးပွားရေးလုပ်ငန်းအတွက် တော်တော်အသုံးဝင်မယ်ဆိုတာ ရိပ်မိခဲ့လို့ အဲဒီနည်းပညာကို ဖိလစ်ပိုင်နိုင်ငံထံ သယ်ဆောင်လာခဲ့တယ်။ ဒါပေမဲ့ လုပ်ငန်းတော်တော်များများက စိတ်မဝင်စားကြဘူး။ အချိုရည်ကုမ္ပဏီတွေလောက်ပဲ စိတ်ဝင်စားဟန်ပြတယ်။ ဒါပေမဲ့ အယ်ဖရီဒိုယောင်က လက်မလျှော့ခဲ့ဘူး။

သူကိုယ်တိုင် အအေးထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်ပဲ ၁၉၈၀ ပြည့်နှစ်မှာ Zest-O ကော်ပိုရေးရှင်းရဲ့ ပထမဆုံး လိမ္မော်ရည်ကို ထုတ်လုပ်ခဲ့တာပါ။ Zest-O ရဲ့ လိမ္မော်ရည်က ထုတ်ထုတ်ချင်းမှာပဲ အချိန်တိုအတွင်း အရောင်းသွက်ခဲ့လို့ နောက်ထပ်အချိုရည်တွေ ထပ်ထုတ်ခဲ့တယ်။ နို့ထွက်ပစ္စည်းတွေ၊ အားဖြည့်အချိုရည်တွေ၊ ကာဗွန်ပါတဲ့ဖျော်ရည်တွေနဲ့ အသင့်စားခေါက်ဆွဲတွေ ထုတ်လုပ်ရောင်းချခဲ့တယ်။ အခုအချိန်မှာတော့ Zest-O ကော်ပိုရေးရှင်းရဲ့ အချိုရည်တွေက ဖိလစ်ပိုင် ဈေးကွက်ကို လွှမ်းမိုးထားပြီး ဈေးကွက်ဝေစု ၈၀ ရာခိုင်နှုန်းလောက်အထိ ရယူထားနိုင်ပါတယ်။

အဲဖရီဒိုယောင်ရဲ့ ချမ်းသာကြွယ်ဝမှုက အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရှိနေပြီး ဖိလစ်ပိုင်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် ၅၀ စာရင်းမှာ ပါဝင်နေပါတယ်။

Ref: Zest-O Owner Alfredo Yao’s Rags-to-Riches Success Story

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top