ကျောင်းပစ်ခတ်မှုအတွင်း အတန်းဖော်နဲ့ဆရာမတွေကို ကယ်တင်ဖို့ ကြိုးစားရင်း သေဆုံးခဲ့တဲ့ ကျောင်းသူလေး ဂုဏ်ပြုဆုချီးမြှင့်ခံရ

2-6-2022-yyl05.jpg

မေလ ၂၄ ရက်နေ့မှာ လေးတန်းကျောင်းသူလေး အာမာရီ ဂျို ဂါဇာက ရော့ဘ်မူလတန်းကျောင်းပစ်ခတ်မှုအတွင်း ၉၁၁ ကို ဖုန်းဆက်ပြီး အကူအညီတောင်းဖို့ ကြိုးစားခဲ့လို့ သေနတ်နဲ့အပစ်ခံရပြီး သေဆုံးသွားခဲ့ရပါတယ်။ The Girl Scouts အဖွဲ့အစည်းက အာမာရီကို အခြားသူတွေကို ကယ်တင်ဖို့ အသက်ပေးလိုက်ရတဲ့အတွက် အမြင့်ဆုံးဂုဏ်ပြုဆုတွေထဲက တစ်ဆုကို မေလ ၃၁ ရက်နေ့မှာ ချီးမြှင့်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။

ကိုယ့်အသက်ကို စွန့်ပြီး အခြားသူရဲ့အသက်ကို ကယ်တင်ဖို့ ကြိုးစားတဲ့သူတွေကို ချီးမြှင့်တဲ့ Bronze Cross ဆုကို ပေးအပ်ခဲ့တာပါ။ “မေလ ၂၄ ရက်မှာ အာမာရီက သူ့ရဲ့အတန်းဖော်နဲ့ ဆရာမတွေရဲ့အသက်တွေကို ကယ်တင်ဖို့ သူလုပ်နိုင်တဲ့အရာအားလုံးကို လုပ်ခဲ့တယ်။ သူ့ရဲ့အကြောင်းကို အမြဲတမ်း ကျွန်မတို့နဲ့အတူ သယ်ဆောင်သွားမှာဖြစ်ပြီး သူ့ရဲ့ရဲရင့်တဲ့လုပ်ရပ်တွေကို နောင်လာနောင်သားတွေအထိ အမှတ်ရနေစေမှာပါ”လို့ The Girl Scouts က တွစ်တာမှာ ရေးသားခဲ့ပါတယ်။

အင်တာဗျူးတစ်ခုမှာ အာမာရီရဲ့ပထွေးဖြစ်သူ အိန်ဂျယ် ဂါဇာကလည်း သူ့သမီးလေးသေဆုံးတယ်လို့သိလိုက်ရတဲ့ အခိုက်အတန့်ကို ​ပြန်ပြောပြခဲ့ပါတယ်။ အိန်ဂျယ် ဂါဇာက အခင်းဖြစ်ပွားရာကျောင်းကို ဆေးဘက်ဆိုင်ရာအကူအဖြစ် လိုက်ပါလာခဲ့တာပါ။ သူက ခေါင်းကနေ ခြေဖျားအထိ သွေးတွေပေကျံနေတဲ့ ကလေးမလေးကို မြင်တော့ ထိခိုက်ထားတယ်ထင်ပြီး အကူအညီပေးဖို့ သွားခဲ့ပါတယ်။

ပေကျံနေတဲ့ သွေးတွေက အဲဒီကလေး မလေးရဲ့သွေးတွေမဟုတ်ခဲ့ဘူး။ ကလေးမလေးက “သူတို့ သူ့အချစ်ဆုံးသူငယ်ချင်းကို သေနတ်နဲ့ပစ်လိုက်တယ်၊ သူတို့ သူ့အချစ်သူငယ်ချင်းကို သတ်ခဲ့တယ်၊ ရဲတွေကို ခေါ်ဖို့ ကြိုးစားနေခဲ့တယ်လို့ကယောင်ချောက်ချားပြောနေခဲ့ပါတယ်။ အိန်ဂျယ် ဂါဇာက ကလေးမလေးကို အချစ်ဆုံးသူငယ်ချင်းနာမည်က ဘယ်သူလဲလို့ မေးတော့ သူ့ရဲ့သမီးလေးဖြစ်နေခဲ့တယ်။

အာမာရီက ရဲတွေကို ဖုန်းခေါ်ခဲ့တဲ့အချိန် လုပ်သင့်တဲ့အရာကို လုပ်ဖို့ ကြိုးစားခဲ့ရုံပါလို့ အိန်ဂျယ် ဂါဇာက ပြောပါတယ်။ အာမာရီက ဖုန်းလိုချင်နေခဲ့တာကြာလှပြီး လွန်ခဲ့တဲ့ ၂ ပတ်ကျော် သူ့ရဲ့မွေးနေ့မှာ ဖုန်းဝယ်ပေးခဲ့တာလို့လည်း သူကပြောပါတယ်။

“အာမာရီက ရဲတွေကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ရုံပါ။ အာဏာပိုင်တွေကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့တယ်ဆိုတာကို သူ့ကျောင်းခန်းထဲက ကျောင်းသူလေး ၂ ယောက်ဆီကနေ အတည်ပြုချက်ရခဲ့ပါတယ်။ အာမာရီကို သူ ပစ်သတ်ခဲ့တယ်။ မင်း…ဒီကလေးမလေးကို ဘယ်လိုကြည့်ပြီး ပစ်သတ်လိုက်တာလဲ” လို့ အိန်ဂျယ် ဂါဇာက အာမာရီရဲ့ဓာတ်ပုံလေးကို သူ့ရင်ဘတ်နားကပ်ပြီး ငိုကြွေးရင်း ပြောခဲ့ပါတယ်။

အရင်တုန်းကလည်း အာမာရီက အခြားသူကို ကူညီပေးခဲ့ဖူးပါတယ်။ ဒေးဗစ် ထရီဗင်ဆိုသူက ရော့ဘ်မူလတန်းကျောင်းမှာ သူ့ရဲ့သမီးလေး အနိုင်ကျင့်ခံခဲ့ရချိန် အာမရီက ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်ပေးခဲ့တယ်လို့ ပြောပါတယ်။

သောကြာနေ့မှာ ပြည်သူ့လုံခြုံရေးဒါရိုက်တာ စတီဗန် မက်ခရောက အခင်းဖြစ်ပွားတဲ့နေ့မှာ မနက် ၁၁ ခွဲကနေ နေ့ခင်း ၁၂နာရီ ၅၁ မိနစ်ကြား ၉၁၁ ကို ဖုန်းခေါ်ဆိုမှု ၁၁ ခုရှိခဲ့တယ်၊ အဲဒီထဲက အများစုဟာ ကလေးတွေဆီကဖြစ်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

Ref: CBSNews “Girl Scouts posthumously award Amerie Jo Garza for doing “all she could” to save classmates, teachers during Uvalde school shooting”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top