ချစ်သူကောင်မလေးရဲ့နောက်ဆုံးအချိန်မတိုင်ခင်မှာ လက်ထပ်ခဲ့တဲ့ ကောင်လေး

yyl109003.jpg

ထိုင်ဝမ်နိုင်ငံက ချစ်သူသက်တမ်း(၁၁) နှစ်ကြာပြီးဖြစ်တဲ့ စုံတွဲတစ်တွဲက နောက်ဆုံးမှာတော့ လက်ထပ်ထိမ်းမြားလိုက်ကြပါပြီ။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ကောင်မလေးက ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားခဲ့တဲ့အတွက် သူ့မိသားစုက သူ့အသက်ကို လက်လျော့လိုက်တဲ့နေ့မှာပဲ ကောင်လေးက သူ့ကောင်မလေးကို လက်ထပ်ခဲ့တာပါ။

ဝမ်ဆိုတဲ့ အသက် (၃၂) အရွယ်မိန်းကလေးဟာ သြဂုတ်လ (၂၂) ရက်နေ့က သူ စီးလာတဲ့ဆိုင်ကယ်နဲ့ ကားနဲ့ ဝင်တိုက်မိခဲ့ပြီး သြဂုတ်လ (၂၅) ရက်နေ့မှာတော့ ဦးနှောက်သေသွားပြီလို့ ဆရာဝန်က ပြောပါတယ်။ အဲဒီနောက်မှာ သူ့မိသားစုက သူ့အသက်ဆက်ရှင်ဖို့မဖြစ်နိုင်တာကြောင့် သူ့အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“ကျွန်မ့သမီးလေး အသက်ဆက်မရှင်နိုင်တော့ကတည်းက အင်္ဂါအစိတ်အပိုင်းတွေကို လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက လူတော်တော်များများကို ကယ်နိုင်မယ့် အခွင့်အရေးပါပဲ။ သူ့ကို ကမ္ဘာကြီးပေါ်မှာ ဆက်ရှိနေမယ့်၊ သူ့ကလေးတွေ ကြီးပြင်းလာတာကို ကြည့်နိုင်မယ့် နည်းလမ်းပါပဲ” လို့ ဝမ်ရဲ့မိခင်က ပြောပါတယ်။

အင်္ဂါအစိတ်အပိုင်းတွေ လှူဒါန်းဖို့ ခွဲစိတ်ခန်းမဝင်ခင်မှာ ဝမ်ရဲ့ကောင်ေလေးလင်းက မိသားစုအစုံအလင်နဲ့ မင်္ဂလာပွဲကျင်းပခဲ့ပါတယ်။ သူတို့စုံတွဲက အနီရောင်တီရှပ်ဆင်တူလေးကို ဝတ်ဆင်ထားပြီး ဝမ်ရဲ့ခေါင်းမှာ ဇာအဖြူရောင်ခေါင်းခြုံလွှာလေးကိုလည်း ဆင်မြန်းပေးထားပါတယ်။

“ငါတို့ လက်ထပ်ရပြီ။ ကျေးဇူးပြုပြီး မြန်မြန်နိုးထလာပါ။ ငါ ရွေးထားတဲ့လက်စွပ်လေးကို မင်းကြိုက်တယ်မလား” လို့ လင်းက ပြောပါတယ်။ အဲဒီအခိုက်အတန့်လေးက မိသားစုဝင်တွေကို မျက်ရည်ကျစေခဲ့ပါတယ်။

သူတို့စုံတွဲက ချစ်သူသက်တမ်း (၁၁) နှစ်ရှိပေမဲ့ အချစ်ခရီးလမ်းက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။ ဝမ်က အသက် (၁၂) နဲ့ အသက် (၁၃) နှစ်အရွယ် သားနှစ်ယောက်ရှိတဲ့မိခင်တစ်ယောက်ပါ။ အဲဒါကြောင့်ပဲ လင်းရဲ့မိဘတွေက သူတို့နှစ်ယောက်ကို သဘောမတူခဲ့ပါဘူး။ နှစ်တော်တော်ကြာမှ လင်းရဲ့မိဘတွေက တဖြည်းဖြည်းနဲ့ စိတ်ပြောင်းသွားခဲ့တာပါ။ သူတို့စုံတွဲက မိဘတွေရဲ့သဘောတူညီချက်နဲ့ အခုနှစ်ထဲ မင်္ဂလာဆောင်တော့မှာပါ။ မထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုကြောင့် သူတို့ရဲ့မင်္ဂလာပွဲက မျှော်မှန်းထားသလိုဖြစ်မလာခဲ့ပါဘူး။

ဝမ်ရဲ့ဝမ်းနည်းစရာဇာတ်လမ်းလေးကို ကြားသိခဲ့ရတဲ့ Goodwill Charity Association ပရဟိတအဖွဲ့က ဝမ်ရဲ့နာရေးကို ပြုလုပ်ပေးခဲ့သလို ဝမ်ရဲ့ကလေးတွေကို ပြုစုပျိုးထောင်ဖို့အတွက်လည်း မိသားစုဝင်တွေကို စင်ကာပူဒေါ်လာ (၄၄၂၅) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

Ref: Taiwanese man marries brain-dead girlfriend right before she gets taken off life support

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top