ဖေ့စ်ဘွတ်ခ်ဟာ တည်ထောင်သူ မာ့ဇူကာဘတ်ခ်ျရဲ့ လက်အောက်မှာ ကမ္ဘာ့အကြီးမားဆုံး လူသုံးစွဲမှုအများဆုံး လူမှုကွန်ရက်အဖြစ် ရပ်တည်နေတာ ဖြစ်ပြီး လူဦးရေ ၂ဘီလီယံ အထိ အသုံးပြုနေတဲ့ လူမှုကွန်ရက်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက #deleteFacebook လှုပ်ရှားမှုတွေဟာ ပေါ်ထွက်လာခဲ့ပြီးနောက်မှာတော့
ဖေ့စ်ဘွတ်ခ်ကနေ သုံးစွဲသူပေါင်းများစွာရဲ့ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံမှုမရှိ ပေါက်ကြားစေခဲ့မှုအတွက် ဇူကာဘတ်တစ်ယောက် အမေရိကန်ကွန်ဂရက် ရှေ့မှောက်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့က အစစ်ဆေးခံခဲ့ရပါတယ်။
ဇူကာဘတ်ရဲ့ ထွက်ဆိုချက်ထဲမှာ လူဦးရေ ၂ ဘီလီယံ သုံးစွဲနေတဲ့ ဖေ့စ်ဘွတ်ခ်ဆီက ပုဂ္ဂိုလ်ရေးသတင်းအချက်အလက်တွေဟာ အလွဲသုံးစားအလုပ်ခံခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။ မိမိအမှားအတွက် မိမိတွင် တာဝန်ရှိကြောင်းကိုလည်း ထွက်ဆိုခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့် ရဲ့ သမ္မတဖြစ်ရေး ရွေးကောက်ပွဲကာလ လှုပ်ရှားကြိုးပမ်းမှုအတွက်လည်း ဗြိတိန်နိုင်ငံရေး အကြံပေးအဖွဲ့အစည်း Cambridge Analytica ဟာ သုံးစွဲသူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးအချက်အလက်တွေကို ဖေ့စ်ဘွတ်ခ်ကနေ ထုတ်ယူသုံးစွဲခဲ့တာ ဖြစ်ပါတယ်။
“ဖြစ်ခဲ့တာအားလုံးအတွက် ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်။ ကြီးမားတဲ့ အမှားတစ်ခုကို လုပ်မိပြီး ကျွန်တော်တို့ အမြင်ကျဉ်းခဲ့တယ်လို့ပဲ ဆိုပါရစေ။ ကျွန်တော်စတင်ခဲ့တဲ့ ဖေ့စ်ဘွတ်ခ်အတွက် ကျွန်တော့်မှာ တာဝန်အပြည့်အဝရှိပါတယ်” လို့ ဇူကာဘတ်က ဝန်ခံခဲ့ပါတယ်။
” လူတွေအချင်းချင်း လွယ်လင့်တကူ အဖြစ်ဆုံး ဆက်သွယ်ပြောဆို ချိတ်ဆက်နိုင်ဖို့က ကျွန်တော်တို့ဘက်က အဓိက ရည်ရည်ချက်ပါ။ လူတွေဆီ အကျိုးကျေးဇူးဖြစ်စေဖို့ကိုသာ ဦးတည်ခဲ့ပေမဲ့ မမျှော်လင့်ဘဲ ဆိုးကျိုးတွေ ဖြစ်ခဲ့တယ်။ ထိခိုက်နစ်နာစေရသမျှအားလုံးကို ကျွန်တော်တို့ မတားဆီးနိုင်ခဲ့ပါဘူး။ သတင်းတုတွေ၊ နိုင်ငံတကာ ရွေးကောက်ပွဲစွက်ဖက်မှုတွေ၊ အမုန်းစကားတွေ၊ လူမျိုးရေးမုန်းတီးမှုပြသနာတွေကို ပိုပြီးကြီးမားလာအောင် အရှိန်မြင့်စေခဲ့တဲ့ အပိုင်းတွေမှာ ဖေ့စ်ဘွတ်ခ်ကို အသုံးချခဲ့ကြပါတယ်။ ရှေ့ဆက်ပြီး ဖေ့စ်ဘွတ်ခ်မှာ လုံခြုံရေး အပိုင်းကို ပိုပြီး ကြပ်ကြပ်မတ်မတ် ထိန်းချုပ်နိုင်ဖို့လိုလာပါပြီ။ ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ ဆက်ပြီး ဖိတ်ခေါ်သွားမှာပါ။ ဒါပေမဲ့ အမြတ်အစွန်းထက် လူ့အသိုင်းအဝိုင်း အကျိုးအတွက်ပဲ အလေးအနက်ဦးတည်သွားဖို့ရှိနေပါတယ်” လို့ သူ့ရဲ့ ထွက်ဆိုမှုမှာ ပါရှိခဲ့တယ်။
ဇူကာဘတ်က Cambridge Analytica နဲ့ ကြုံခဲ့ရသလိုမျိုး ပြင်ပပုဂ္ဂိုလ်၊အဖွဲ့အစည်း တွေရဲ့ သတင်းအချက်အလက် မသမာပြုမှု အခြေအနေမျိုးကို ရှေ့ကာလမှာ ရှောင်လွှဲနိုင်ဖို့ အစီအစဉ်အသေးစိတ်တွေကိုပါ ထပ်ပြီး တင်ပြခဲ့ပါတယ်။ နောက်တစ်ခါ ပုဂ္ဂိုလ်အဖွဲ့အစည်းတစ်ခုခုက ဒီလိုအလွဲသုံးစားလုပ်တာမျိုးကို အတတ်နိုင်ဆုံး၊ အကြပ်မတ်ဆုံး ဆောင်ရွက်ကာ လုံခြုံရေးမြှင့်တင်သွားမှာဖြစ်ပြီး အလားတူပြသနာကြုံခဲ့ရရင်တောင် လူထုကို ပွင့်ပွင့်လင်းလင်း အသိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အထက်လွှတ်တော်အမတ် နယ်လ်ဆင်က ” ပိုဆိုးနေတာက မက်ဆင်ဂျာ လို ချက်တင် app တွေကနေလည်း ပြောထားသမျှကို Scan လုပ်ထား ပြီး ပုဂ္ဂိုလ်ရေး သတင်းအချက်အလက်တွေ ခိုးယူနေတာပဲ။ ဇူကာဘတ်ကိုတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး အရေးယူမှုတွေ ရှိလာနိုင်တယ်ဆိုတာ ကောင်းကောင်းအသိပေးပြီးပါပြီ” လို့ ပြတ်သားစွာမှတ်ချက်ပေးခဲ့ပါတယ်။
နောက်တစ်ခုက စိတ်ပိုင်းဆိုင်ရာနဲ့ ကိုယ်ရည်ကိုယ်သွေးစစ် အက်ပလီကေးရှင်းတွေကနေ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ ခိုးယူခဲ့တာကြောင့် အမေရိကန် အခြေစိုက် Data Analysis ကုမ္ပဏီ Cubeyou ကို လည်း ဖေ့စ်ဘွတ်ခ်ကနေ ရပ်ဆိုင်းလိုက်ပါပြီ။ ကနေဒါကုမ္ပဏီ AggregateIQ ကိုလည်း အမေရိကန် ရွေးကောက်ပွဲအတွင်း သတင်းအချက်အလက်တွေခိုးယူပြီး ပါဝင်စွက်ဖက်ခဲ့တဲ့အတွက်လည်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ကို ကြိုးကိုင်ပြီး နိုင်ငံရေးကိစတွေမှာ မသမာလမှုတွေ မရှိရအောင် Honest Ads Act ဆိုတဲ့ ဥပဒေကို အမြန်ပြဌာန်းပေးဖို့ကိုလည်း ဖေ့စ်ဘွတ်ခ်က ထောက်ခံ တိုက်တွန်း သွားခဲ့ပါတယ်။
Ref: channelnewsasia.com
AI (ရိုးရာလေး)