အလုပ်သမားတွေကို အခြေခံလုပ်အားခ တိုးမြင့်ပေးလိုက်တဲ့ အမေဇုံ

2018-10-02T101657Z_2_LYNXNPEE910SW_RTROPTP_2_USA-AMAZON.jpg

အမေဇုံ (Amazon) ဟာ သောင်းချီတဲ့ အလုပ်သမားတွေက နည်းပါးတဲ့ လုပ်အားခ ပေးချေမှုအကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိနေတာကြောင့် အောက်တိုဘာလကုန်က စတင်လို့ အခြေခံလုပ်ခကို တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာ အထိ တိုးမြှင့်ပေးတော့မှာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ တက္ကဆက် ပြည်နယ်မှာ တစ်နာရီ လုပ်ခ ၁၀ ဒေါ်လာဝန်းကျင် ရရှိပြီး နယူဂျာစီနဲ့ ကယ်လီဖိုးနီးယားတို့မှာတော့ ၁၃.၅ ဒေါ်လာခန့် ရရှိတယ်လို့ဆိုပါတယ်။ (တစ်နာရီ လုပ်ခ ၁၅ ဒေါ်လာ ဆိုရင် တစ်နေ့ ၈ နာရီ လုပ်မယ်ဆို ၁၂၀ ဒေါ်လာ ဖြစ်ပြီး မြန်မာငွေနဲ့ဆို ၁၈၃,၆၀၀ ဖြစ်ပါတယ်။ သူ့တို့ရဲ့ တစ်နေ့ လုပ်ခဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သာမန် အရောင်းဝန်ထမ်းတစ်ယောက်ရဲ့ တစ်လစာ ရှိပါတယ်)

ဒီ လုပ်အားခတိုးမြှင့်ပေးမှုဟာ လက်ရှိ အလုပ်သမား ၂၅၀,၀၀၀ အပြင် ထပ်မံ ခန့်အပ်သွားမယ့် အလုပ်သမား ၁၀၀,၀၀၀ နဲ့ပါ သက်ဆိုင်မှာပါ။ အစောပိုင်းကတည်းက တစ်နာရီ ၁၅ ဒေါ်လာ ရရှိနေသူဟာလည်း ပိုမိုများပြားတဲ့ လုပ်အားခ ရရှိဦးမှာ ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လန်ဒန်မြို့မှာ တစ်နာရီ ၁၀.၅ ပေါင် ဖြစ်ပြီး အခြားမြို့တွေမှာတော့ ၉.၅ ပေါင် ဖြစ်ပေမယ့် အရင်တုန်းကတော့ ၈ ပေါင် သာရရှိခဲ့တာပါ။ ( ၁ ပေါင်ဟာ ၁.၃ ဒေါ်လာနဲ့ ညီမျှပါတယ်)

အခုလို အလုပ်သမားတွေ ၃၆ ရာနှုန်းအထိ လုပ်ခငွေ တိုးလာတာနဲ့အတူ ကုမ္ပဏီဟာ အချိန်ပို လုပ်အားခတွေအတွက်ကိုပါ အဆင့်ဆင့် လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအစီအစဉ်မှာတော့ အလုပ်သမားတွေဟာ ရရှိတဲ့ အချိန်ပိုကြေးကို ကုမ္ပဏီမှာပဲ ပြန်လည် ရင်းနှီးမြှုပ်နှံဖို့ အခွင့်အရေး ရရှိလာမှာ ဖြစ်ပြီး ၂၀၁၉ နှစ်ကုန်လောက်မှာ စတင်နိုင်မယ်လို့ ဆိုပါတယ်။ အခုဆိုရင်တော့ အလုပ်သမားတွေဟာ ၂၀၂၀ နဲ့ ၂၀၂၁ တွေမှာ ရရှိလာမယ့် ”Stock Purchase Paln” (စတော့ရှယ်ယာ ဝယ်ယူရေးအစီအစဉ်) ရဲ့ အကျိုးခံစားမှုတွေကို စောင့်မျှော်နေကြပါပြီ။

Amazon ရဲ့ CEO ဖြစ်သူ ဂျက်ဖ် ဘီဇော့စ် (Jeff Bezos) က “ကျွန်တော်တို့ လုပ်ချင်တာတွေ ဖြစ်ချင်တာတွေကို ထိခိုက်စေပေမဲ့လည်း ဝေဖန်ထောက်ပြသူတွေ ပြောတာကို လက်ခံနားထောင်ပါတယ်။ ကျွန်တော်တို့ ဒီအပြောင်းအလဲအတွက် စိတ်လှုပ်ရှားပါတယ်၊ ကျွန်တော်တို့ရဲ့ ပြိုင်ဘက်တွေ၊ အလုပ်သမားတွေ အတွက်ရောပဲပေါ့” လို့ ပြီးခဲ့တဲ့ အဂါၤ နေ့က (အောက်တိုဘာ ၂ ) ပြောခဲ့ပါတယ်။

အမေဇုံဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ကုန်ထုတ်ရုံတွေထဲက အဖြစ်တွေ ပေါက်ကြားခဲ့လို့ နာမည်ပျက်ခဲ့ပါသေးတယ်။ အလုပ်သမားတွေဟာ သတ်မှတ်ထုပ်ပိုးမှု စံချိန်ကို မမှီမှာစိုးလို့ အိမ်သာကိုတောင် မသွားနိုင်ပဲ အမှိုက်ပုံးတွေ၊ ပုလင်းတွေထဲကိုသာ အပေါ့သွားကြပြီး ထောင်ကြီးတစ်ခုလိုပါပဲလို့ အသွင်ယူ အလုပ်သမား ဝင်လုပ်ခဲ့တဲ့ သတင်းထောက် တစ်ယောက်က ၂၀၁၆ တုန်းက ရေးသားခဲ့တာဖြစ်ပါတယ်။ အမေဇုံဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အလုပ်သမားပေါင်း ၅၇၅,၀၀၀ ခန့်ရှိပါတယ်။ ၂၀၁၈ ခုနှစ်အစမှာ တစ်နာရီ ၁၁ ဒေါ်လာ ပေးချေခဲ့ပြီး အခုအချိန်မှာတော့ ၁၅ ဒေါ်လာ အထိ တိုးမြင့်ပေးလိုက်တာ ဖြစ်ပါတယ်။

Ref: Dailymail ” Amazon raises minimum wage to $15”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top