အငန်တွေသိပ်မစားနဲ့ သွေးတိုးမယ်နော်၊ အချိုမှုန့်တွေမစားနဲ့ တက်မယ် ဆိုတဲ့စကားတွေကို တချို့တွေ ဘယ်လိုတုံ့ပြန်လဲသိလား။ ရတယ် စားပြီးရင် ဟိုဆေးလေးသောက်လိုက်မယ်၊ ဒီအသီးလေးစားလိုက်မယ်၊ ဒီအရွက်လေးကြိတ်သောက်လိုက်၊ သွေးပေါင်ကျသွားလိမ့်မယ် ဆိုပဲ။ ဒါပေမယ့် သင်သိပါသလား.. သွေးပေါင်အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ ကစားကွင်းမှာ seesaw စီးသလောက် မရိုးရှင်းဘူးဆိုတာ။
သွေးပေါင်တက်ရင် ဘာတွေဖြစ်လာမလဲ
သွေးပေါင်တက်လို့ ဆေးသောက်လိုက်ရင် သွေးပေါင်ပြန်ကျပြီး ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာ အလွယ်လေးတွေးလိုက်ကြတာပါ။ သွေးဖိအားမြင့်တက်လာတဲ့အချိန် ခန္ဓာကိုယ်မှာ ဘယ်လိုတွေထိခိုက်သလဲ၊ ခဏခဏသွေးပေါင်တက်တာ ကြာလာရင် ဘယ်လိုဆိုးကျိုးတွေ ဖြစ်ကျန်နေခဲ့လဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါမှသွေးတိုးနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲတွေနဲ့ ရောဂါပေါင်းစုံကို ပိုက်မထားရမှာပေါ့။
သွေးကြောပျက်စီးခြင်း
သွေးကြောတွေဆိုတာ အဆုတ်နဲ့နှလုံးက သွေးတွေ လွယ်လွယ်စီးဆင်းလည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ပို့လွှတ်နိုင်ဖို့ အပြစ်အနာအဆာကင်းတဲ့ ကျန်းမာခြင်းရှိနေရပါမယ်။ သွေးတိုးတက်တဲ့အခါ သွေးကြောနံရံတွေ အရမ်းမာသွားစေပြီး အတွင်းမှာ ပျက်စီးစေတယ်၊ အဆီချေးတွေဖြစ်နေစေတယ်။ အဲဒီအဆီချေးတွေကြောင့် သွေးကြောတွေကိုမာစေ၊ ကျဉ်းစေနိုင်ပါတယ်။
သွေးကြောဖောင်းခြင်း (Aneurysm)
သွေးကြောနံရံကို ဖိအားဖြစ်စေပြီး အားနည်းစေတဲ့အခါ Aneurysm ဖြစ်စေပါတယ်။ သွေးကြောဖောင်းရာကနေ ပေါက်သွားခဲ့ရင် သွေးယိုစေပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဘယ်သွေးကြောမှာမဆိုဖြစ်နိုင်တယ်ဆိုပေမဲ့ နှလုံးသွေးလွှတ်ကြောမကြီးမှာ အဖြစ်များဆုံးပါ။
နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)
နှလုံးနဲ့နီးတဲ့ သွေးကြောတွေမှာ အဆီချေးတွေစုလာတဲ့အခါ Coronary Artery Disease (CAD) ဆိုတာဖြစ်လာပါတယ်။ ဖြစ်လာရင် သွေးလည်ပတ်မှုကိုနှေးစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်တယ်။ သွေးကြောပိတ်ရင်တော့ နှလုံးရုတ်တရက်ရပ်ခြင်း(heart attack) ဖြစ်စေနိုင်ပါတယ်။
နှလုံးရုတ်တရက်ရပ်ခြင်း (Heart Attack)
နှလုံးသွေးကြောလုံးဝပိတ်သွားတဲ့အခါ နှလုံးရုတ်တရက်ရပ်ခြင်း (heart attack) ဖြစ်လာနိုင်ပါတယ်။ ပိတ်သွားရင် နှလုံးကြွက်သားတွေမှာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေမရရှိနိုင်တော့ပါဘူး။ ဒါဆို ပျက်စီးရတော့မှာပါပဲ။ ရင်ဘတ်ထဲလေးနေတာ၊ အောင့်နေတာခံစားရလေ့ရှိပေမဲ့ လက်မောင်း၊ လည်ပင်း၊ မေးရိုးတို့မှာလည်း ခံစားရနိုင်ပါတယ်။ အသက်ရှူရခက်ခဲလာနိုင်ပြီး မူးတာ၊ မအီမသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။
နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း
သွေးတိုးတဲ့အခါ သွေးကြောတွေကျဉ်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးလုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာစေပါတယ်။ နောက်ဆုံးမှာ တခြားအစိတ်အပိုင်းတွေကိုပါ သွေးပို့လွှတ်မှုမလုံလောက်တော့ဘဲ နှလုံးပျက်စီးရပါတယ်။
နှလုံးကြီးခြင်း
သွေးလည်ပတ်မှုအတွက် ပိုပြီးရုန်းကန်လုပ်ဆောင်နေရတဲ့အခါ နှလုံးကြွက်သားတွေ ထူလာပါတယ်(လေ့ကျင့်ခန်းလုပ်ထားတဲ့ ကြွက်သားတွေလို)။ နောက်ဆုံးကျ နှလုံးကြီးလာပါတယ်။ နှလုံးကြီးလာလေ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကပိုနည်းလာလေဖြစ်ပါတယ်။ နှလုံးတစ်ရှူးတွေမှာ အောက်ဆီဂျင်နဲ့အာဟာရဓာတ်တွေ လိုသလောက်မရနိုင်တော့ပါဘူး။
လေဖြတ်ခြင်း
သွေးတိုးတာဟာ လေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။ လေဖြတ်တာနှစ်မျိုးရှိပါတယ်။ အားနည်းနေတဲ့သွေးကြောက ဦးနှောက်ထဲမှာ ပေါက်သွားတဲ့အခါ Hemorrhagic၊ သွေးကြောနံရံကနေကွာထွက်လာတဲ့ သွေးခဲလေးတွေက သွေးလည်ပတ်မှုကို ပိတ်ဆို့ပြီး ဦးနှောက်ဆဲလ်တွေဆီ သွေးမရောက်အောင်တားဆီးတဲ့အခါ Ischemic ဖြစ်ပါတယ်။ သွေးအလုံအလောက်မရတဲ့အခါ ဦးနှောက်ဆဲလ်တွေသေဆုံးပါတယ်။ FAST လို့အတိုကောက်မှတ်လို့ရတဲ့ လေဖြတ်အရေးပေါ်အချက်လေးခုကို သတိရပါ။
“မျက်နှာရွဲ့သွားတာလား။ လက်တွေအားနည်းနေလား။ စကားပြောရပြဿနာရှိနေလား။ အရေးပေါ်ဆေးရုံကားခေါ်ပါ။”
ကျောက်ကပ်ပျက်စီးခြင်း
သွေးတိုးရောဂါက ကျောက်ကပ်ပျက်စီးခြင်းရဲ့ ဒုတိယအဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ အညစ်အကြေးတွေနဲ့ အရည်ပိုတွေစွန့်ထုတ်ဖို့ ကျောက်ကပ်ကအသုံးပြုတဲ့ သွေးကြောတွေကို ကျဉ်းစေ၊ မာစေတာကြောင့် ဆိုးကျိုးမသေးပါဘူး။
အရိုးအတွက်ဆုတ်ယုတ်မှု
သွေးတိုးရှိသူတွေဟာ ဆီးထဲမှာ ကယ်လ်စီယမ်တွေ ပိုပါသွားတတ်ပါတယ်။ ဒါ့ကြောင့်ပဲ အရိုးကျိုးအက်လွယ်တာ၊ အရိုးပွတာတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။
ကဲ ဒီလောက်ဆို သွေးတိုးမဖြစ်အောင် မဆင်ခြင်သင့်ဘူးလား။ သွေးတိုးရှိနေပြီးသားဆိုရင်လည်း စားသောက်နေထိုင်မှုပုံစံမှာ တတ်နိုင်သလောက်ထိန်းညှိနေထိုင်သင့်ပါတယ်။ အရာရာဆေးဝါးတွေကိုပဲ အားကိုးနေလို့မရပါဘူးနော်။
ရေးသားသူ – Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win