ထောင်ထဲမှာနေချင်လို့ ယာဉ်တိုက်မှုကျူးလွန်ခဲ့တဲ့ အိမ်ရာမဲ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်

yyl-006-11.jpg

ထောင်ထဲမှာနေချင်လို့ ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ အိမ်ရာမဲ့ အမျိုးသားကို ဂျာမနီနိုင်ငံ တရားရုံးက ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ အသက် ၆၂ နှစ်ရှိတဲ့ အိမ်ရာမဲ့ အမျိုးသားဟာ အရင်တုန်းက ကွန်ပျူတာသိပ္ပံပညာရှင်တစ်ယောက်ပါ။

အလုပ်ပြုတ်သွားချိန်မှာ သူစုထားတဲ့ပိုက်ဆံအကုန်သုံးပြီး ဥရောပနိုင်ငံတွေကို ခရီးသွားခဲ့သူပါ။ နောက်ပိုင်းမှာတော့ ကားထဲမှာ နေထိုင်ခဲ့ပြီး သူ့ကားကလည်း လိုင်စင်သက်တမ်းကုန်နေတာ တော်တော်ကြာပါပြီ။ သူဟာ ဂျာမနီနိုင်ငံမြောက်ပိုင်း လိုးဝါးဆက်ဆိုနီပြည်နယ်ရဲ့ စက်ဘီးလမ်းပေါ်မှာ စက်ဘီးစီးနေသူတစ်ယောက်ကို ကားနဲ့ဝင်တိုက်ခဲ့ပြီး သူ့ကို ထောင်ထဲမှာ အချိန်ပြည့်ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ထောင်ထဲမှာနေချင်တဲ့ အလိုလောဘကြောင့် သူနဲ့မသိသူတစ်ယောက်ကို ကားနဲ့ဝင်တိုက်ခဲ့တဲ့လုပ်ရပ်က ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ရာရောက်ပြီး လူသတ်ဖို့ ကြိုးပမ်းမှုမြောက်တယ်လို့ အိုဒင်ဘာ့ဂ်တရားရုံးရဲ့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပြီး သူ့ကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့တာပါ။ ကားနဲ့ဝင်တိုက်ခံရတဲ့ဖြစ်ရပ်ကြောင့် စက်ဘီးသမားဟာ အခုချိန်အထိ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်ခံစားနေရဆဲပါပဲ။ နောက်ပိုင်းမှာတော့ အိမ်ရာမဲ့အမျိုးသားက သူ့လုပ်ရပ်ကို နောင်တရသွားပြီး သူ့ရဲ့ပင်စင်ခံစားခွင့်တွေကို စက်ဘီးသမားထံ လွှဲပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top