ဖိုးသော်အတွက် အကောင်းဆုံးပြိုင်ဘက်ဖြစ်လာနိုင်သည့် ကစားသမား (၅) ဦး

maxresdefault-7.jpg

ONE Championship ၏ မြန်မာကစားသမားများထဲတွင် အောင်လအန်ဆန်ပြီးလျှင် ဒုတိယနိုင်ပွဲအများဆုံး ကစားသမားဖြစ်သည့် “ဘူရှီဒို” ဖိုးသော်သည် နောက်ဆုံးကျင်းပခဲ့သည့် ONE: Legendary Quest ပြိုင်ပွဲကြီးတွင် အင်ဒိုနီးရှားနိုင်ငံသား Victorio Senduk ကို အနိုင်ရရှိခဲ့သည်။ ONE ဖယ်သာဝိတ်တန်း ကစားသမားများထဲတွင်လည်း အလဲထိုးနိုင်ပွဲအများဆုံးဖြစ်သည့်ဖိုးသော်အတွက် ယင်းပွဲသည် (၉) ပွဲမြောက်ပွဲစဉ် ဖြစ်ပြီး (၈) ပွဲမြောက် နိုင်ပွဲလည်းဖြစ်သည်။ ထိုသို့အစွမ်းပြနေသည့် ဖိုးသော်ကို ရှေ့လာမည့်ပြိုင်ပွဲများတွင် ရင်ဆိုင်ရနိုင်ခြေရှိသော လက်ရည်တူပြိုင်ဘက်များထဲမှ အကောင်းဆုံး (၅) ဦးကို ရွေးချယ်တင်ပြလိုက်ရပါသည်။

Edward Kelly

နာမည်ကျော် Team Lakay ၏ ဖိလစ်ပိုင်ဝါရင့်ကစားသမား Edward “The Ferocious” Kelly သည် ဖိုးသော်နှင့် ထိပ်တိုက်တွေ့ရန် အနီးစပ်ဆုံးကစားသမားများထဲမှတစ်ဦးဖြစ်သည်။ Kelly သည် ONE Championship တွင် ယှဉ်ပြိုင်ကစားခဲ့သည်မှာ (၆) နှစ်နီးပါး ရှိပြီဖြစ်ပြီး လက်ရှိ လိုက်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ဖြစ်နေသည့် Christian Lee ကိုပင် ၂ဝ၁၈ ခုနှစ်အတွင်းက တစ်ကြိမ်အနိုင်ရခဲ့ဖူးသူဖြစ်သည်။

၎င်း၏အစ်ကို Eric Kelly မှာလည်း ONE Championship ၏ ကစားသမားတစ်ဦးဖြစ်ပြီး ၎င်းငယ်စဉ်က အစ်ကိုဖြစ်သူ၏ ပွဲများကိုကြည့်ရင်း ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို စိတ်ဝင်စားခဲ့သူဖြစ်သည်။ ငယ်စဉ်က ရဲအရာရှိတစ်ဦးဖြစ်ရန်ရည်မှန်းခဲ့သူ Kellyသည် ရာဇဝတ်ဗေဒအထူးပြုဖြင့်ဘွဲ့ရထားသော်လည်း စိတ်ပြောင်းကာ ကိုယ်ခံပညာလောကထဲဝင်လာခဲ့သည်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝအစတွင်ပင် (၅) ပွဲဆက် အနိုင်ရခဲ့သဖြင့် ONE Championship က စိတ်ဝင်စားကာ ၂ဝ၁၃ တွင် ခေါ်ယူစာချုပ်ခဲ့သည်။ လက်ရှိတွင် (၁၂) ပွဲနိုင် (၆) ပွဲရှုံး မှတ်တမ်းရှိထားသူ Kelly သည် ဖိုးသော်ကဲ့သို့ပင် မတ်တပ်ရပ်တိုက်ခိုက်မှုကိုအားသန်သူဖြစ်ရာ ၎င်းတို့ရင်ဆိုင်ရပါက လက်သီးချင်း ထိပ်တိုက်တွေ့သည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

Eric Kelly

Edward Kelly ၏ အစ်ကိုအရင်း ဖြစ်သည့် Eric “The Natural” Kelly သည်လည်း ၎င်း၏ ညီကဲ့သို့ပင် ဖိုးသော်နှင့် ထိပ်တိုက်တွေ့ရန် နီးစပ်သည့်ကစားသမားဖြစ်သည်။ ငယ်စဉ်က ဖိလစ်ပိုင်၏ အတောက်ပဆုံး ကိုယ်ခံပညာရှင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူ Kelly သည် အသက် (၁၉) နှစ်တွင် ဝူရှူးပညာကို လေ့လာသင်ယူခဲ့ပြီးနောက် ဖိလစ်ပိုင်လက်ရွေးစင်အဖြစ် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရသည်အထိ အောင်မြင်ခဲ့သည်။

ဒဏ်ရာကြောင့် ဝူရှူးလက်ရွေးစင်ကစားသမားအဖြစ်မှ နုတ်ထွက်အပြီးတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကထဲ ဝင်လာခဲ့သည်။ ၂ဝဝ၉ တွင် ၎င်း၏ ပထမဆုံး ပရော်ဖက်ရှင်နယ်ပွဲစဉ်ကို စတင်ကစားခွင့်ရခဲ့သည်။ လက်ရှိတွင် အသက် (၃၇) နှစ် ရှိသူ Kelly သည် ပထမဆုံး ယှဉ်ပြိုင်သည့် (၉) ပွဲ ဆက်တိုက်အနိုင်ရပြီးနောက်တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ကို စိန်ခေါ်ခဲ့သော်လည်း ဒဏ်ရာကြောင့် အရှုံးပေးခဲ့ရသည်။

Kelly သည် နောက်ဆုံး (၇) ပွဲ ဆက်တိုက်ရှုံးနိမ့်ထားသဖြင့် နိုင်ပွဲပြန်ရရန် ဆန္ဒပြင်းပြနေသူဖြစ်ပြီး ဖိုးသော်နှင့်သာ ထိပ်တိုက်တွေ့ပါက အကြိတ်အနယ်ယှဉ်ပြိုင်ကြသည့် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဖြစ်သည်။

Anthony Engelen

အင်ဒိုနီးရှား Bali MMA တွင် အခြေစိုက်လေ့ကျင့်နေသည့် ဗြိတိန်/အင်ဒိုနွယ်ဖွား Anthony “The Archangel” Engelen သည် ဖိုးသော်ကို အကောင်းဆုံးရင်ဆိုင်နိုင်မည့် ကစားသမားတစ်ဦးဖြစ်သည်။ အင်ဒိုနီးရှား IFC ပြိုင်ပွဲတွင် လိုက်ဝိတ်တန်းချန်ပီယံ ဖြစ်ခဲ့ဖူးသူ Engelen သည် ငယ်စဉ်က နယ်သာလန်နိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူဖြစ်ပြီး ကစ်ဘောက်ဆင်နှင့် တိုက်ကွမ်ဒိုပညာရပ်များကို ထိုစဉ်ကတည်းက လေ့လာဆည်းပူးခဲ့သည်။

စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်ဖြင့်ဘွဲ့ရပြီးနောက် အင်ဒိုနီးရှားတွင်အခြေစိုက်ကာ အကြီးဆုံးလက်ဖက်ခြောက် ကုမ္ပဏီကြီးတစ်ခုတွင် အလုပ်လုပ်ခဲ့သည်။ Engelen သည် (၂) နှစ် အကြာတွင် ယင်းအလုပ်မှထွက်ကာ ကိုယ်ခံပညာလောကထဲ ခြေစုံပစ်ဝင်ခဲ့ပြီး အင်ဒိုနီးရှားတံခွန်စိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲအောင်ကစားနိုင်ခဲ့သဖြင့် ONE Championship က စာချုပ်ချုပ်ခေါ်ယူခဲ့သည်။

လက်ရှိတွင် (၈) ပွဲနိုင် (၇) ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားသူ Engelen သည် ၎င်း၏ ထူးခြားသော မုတ်ဆိတ်ကျင်စွယ်များကြောင့် ပရိသတ်မှတ်မိလွယ်သူတစ်ဦးဖြစ်ပြီး ကြိုးဝိုင်းအတွင်း မတ်တပ်ရပ် တိုက်ခိုက်မှုရော၊ မြေပြင်ချုပ်ကွက်ပါ ဘက်စုံကျွမ်းကျင်သည့်ကစားသမားဖြစ်သည်။

Meas Meu

မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားအများအပြားနှင့်ရင်ဆိုင်ခဲ့ဖူးသူ ဖိုးသော်ကို ၎င်းတို့နှင့် ကစားပုံ ခပ်ဆင်ဆင်တူသည့် ကမ္ဘောဒီးယား ခွန်ခမာလက်ဝှေ့ သမား Meas Meu နှင့် တွဲဆိုင်းတည်ပေးမည် ဆိုပါကလည်း စိတ်ဝင်စားစရာ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သည်။ မြန်မာလက်ဝှေ့သမားအများစုကဲ့သို့ပင် ငယ်စဉ်ကတည်းက ကျောင်းထွက်ကာ မိဘများ၏ လယ်ယာလုပ်ငန်းတွင်ပါဝင်ကူညီခဲ့ရသူ Meu သည် မိသားစုကို ထောက်ပံ့ရန် လက်ဝှေ့ပွဲများ လှည့်လည်ထိုးသတ်ခဲ့ဖူးသူဖြစ်သည်။

Meu သည် ခွန်ခမာလက်ဝှေ့အပြင် ဂျူဒို၊ နပမ်း၊ အနောက်တိုင်းလက်ဝှေ့ပညာများကိုလည်း လေ့လာခဲ့ပြီး ကမ္ဘောဒီယားဂျူဒိုချန်ပီယံ (၃) ကြိမ်နှင့် ခွန်ခမာ (၁၃) ပွဲဆက် ရှုံးပွဲမရှိစံချိန်များရရှိခဲ့သည်။ ထို့ကြောင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို ပြောင်းလဲကစားခဲ့ရာ ပထမဆုံး (၅) ပွဲဆက် အနိုင်ရခဲ့သည်။ သို့သော် နောက်ဆုံးကစားခဲ့သည့် (၃) ပွဲ ဆက်တိုက်ရှုံးနိမ့်ထားသဖြင့် နိုင်ပွဲလိုအပ်နေသူဖြစ်ရာ ဖိုးသော်နှင့် ရင်ဆိုင်ရပါက မြန်မာ့လက်ဝှေ့နှင့် ခွန်ခမာလက်ဝှေ့ အားပြိုင်ပွဲသဖွယ်ဖြစ်လာမည်ဖြစ်သည်။

Narantungalag Jadamba

တစ်ချိန်က ONE Championship ၏ ဖယ်သာဝိတ်တန်းချန်ပီယံခါးပတ်ကိုသိမ်းပိုက်ခဲ့ဖူးသူ မွန်ဂိုလီးယား ကစားသမားကြီး Narantungalag “Tungaa” Jadamba သည် နောက်ဆုံးယှဉ်ပြိုင်သည့် စိန်ခေါ်ပွဲတွင် လက်ရှိချန်ပီယံ Martin Nguyen ကို ရှုံးနိမ့်ခဲ့ပြီးနောက် ၎င်း၏ အသက်အရွယ်အရ ချန်ပီယံအိပ်မက်များ ကုန်ဆုံးလုနီးပါး ဖြစ်သွားပြီဖြစ်သည်။

သို့သော် ဖိုးသော်ကဲ့သို့ လက်စွမ်းတက်လာသည့်လူသစ်များအတွက် အစမ်းသပ်ခံရမည့်အဆင့်တစ်ဆင့်သဖွယ် ရှိနေသေးသူ ဖြစ်သည်။ အသက် (၄၃) နှစ် ရှိသူ Jadamba သည် K-1 Max, Legend FC စသည့် နာမည်ကျော် ပြိုင်ပွဲများတွင်လည်းယှဉ်ပြိုင်ခဲ့ဖူးပြီး Legend FC ၏ လိုက်ဝိတ်တန်းချန်ပီယံတစ်ကြိမ်၊ မွန်ဂိုလီးယားချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။ ပရော်ဖက်ရှင်နယ်ကစ်ဘောက်ဆင်ကစားသမားအဖြစ်လည်း ယှဉ်ပြိုင်ခဲ့ဖူးသူ Jadamba သည် ကန်ချက်ပြင်းပြင်းများနှင့် မတ်တပ်ရပ်တိုက်ခိုက်မှုများတွင်အားကောင်းသလို မြေပြင်ချုပ်ကွက်လည်း မညံ့သူဖြစ်သည်။

အကယ်၍ ၎င်းနှင့်သာယှဉ်ပြိုင်ရမည်ဆိုပါက ဖိုးသော်အတွက် အတွေ့အကြုံကောင်းများစွာ ရရှိနိုင်မည့်ပွဲတစ်ပွဲ ဖြစ်လာမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top