ကမ္ဘာ့နာမည်ကြီးဖိုက်တာတွေကိုကျော်ဖြတ်ပြီး အကောင်းဆုံးနိုင်ငံတကာဖိုက်တာဖြစ်ခဲ့တဲ့ အောင်လအန်ဆန်

DSC_2957-1.jpg

MMA လောကမှာ ဂုဏ်သိက္ခာကြီးမားလှတဲ့ Fighters Only Magazine ရဲ့  ဆုပေးပွဲမှာတော့ အောင်လအန်ဆန်က အကောင်းဆုံးနိုင်ငံတကာဖိုက်တာဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။ အောင်လအန်ဆန်ဟာ Charles “Mask” Lewis Fighter of the Year ဆုနဲ့ International Fighter of the Year ဆုတွေအတွက် ဆန်ကာတင်စာရင်းမှာပါခဲ့ပြီး အခုရရှိတဲ့ International Fighter of the Year ဆုအတွက်ကို လူသိများတဲ့ UFC ဖိုက်တာ ခါဘစ် (ရုရှား) ကိုကျော်ပြီး ရွေးချယ်ချီးမြှင့်ခံခဲ့ရတာပါ။ ခါဘစ်အပြင် နာမည်ကြီးဖိုက်တာ (၃) ဦး ပါဝင်နေပေမဲ့ အောင်လအန်ဆန်က အားလုံးကိုကျော်ဖြတ်ပြီး သူ့အတွက် ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီ World MMA Awards ကဆုတွေဟာ နိုင်ငံတကာ MMA ပြိုင်ပွဲများစွာက ထူးချွန်တဲ့ကစားသမားတွေကိုပဲ ရွေးချယ်ပေးအပ်တဲ့ဆုတွေဖြစ်ပြီး ဆုရွေးချယ်မှုအတွက် ပရိသတ်တွေရဲ့ Vote အရေအတွက်ကို မူတည်ပြီးရွေးချယ်တာဖြစ်ပါတယ်။ MMA ကစားသမားတွေအတွက်တော့ ဒီဆုတွေဟာ ဘောလုံးပြိုင်ပွဲမှာ ရွှေဖိနပ်ဆုချီးမြင့်သလိုမျိုးပဲ တန်ဖိုးထားစရာဆုတွေပါပဲ။

အောင်လအန်ဆန်က ဒီဆုရရှိမှုနဲ့ပတ်သက်ပြီး “ ပထမဆုံး ကျွန်တော့်ကိုကူညီပံ့ပိုးပေးခဲ့တဲ့ ဇနီးနဲ့ သူငယ်ချင်းများ၊ လေ့ကျင့်ရေးဆရာများ၊ ကျွန်တော့်ကိုပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားတဲ့ One Championship ပြိုင်ပွဲ၊ မြန်မာပြည်က သန်း (၆၀) သောပရိသတ်တွေ၊ ကမ္ဘာတစ်လွှားက ကျွန်တော့်ကိုအားပေးကြသူတွေအားလုံးကို ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်ဆိုတဲ့ကာလတုန်းက မြန်မာနိုင်ငံရဲ့ ရွာလေးတစ်ရွာက ကောင်လေးတစ်ယောက်ဟာ အမေရိကန်လိုနိုင်ငံကို ကောလိပ်တက်ဖို့လာခဲ့ပြီးတဲ့နောက် MMA ပညာကိုလေ့လာဆည်းပူးခဲ့ရင်း (၁၄) နှစ်အကြာမှာ အားလုံးရဲ့ ရင်ထဲကိုရောက်နိုင်ခဲ့တယ်။ ဒီညအားလုံးရဲ့အရှေ့မှာ ကျွန်တော်ရပ်နေနိုင်တဲ့အဓိပ္ပာယ်က အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့တယ် ဆိုတာပါပဲ” လို့ အောင်လအန်ဆန်က ပြောခဲ့ပါတယ်။

အခုလို International Fighter of the Year ဆုကိုရခဲ့တာကြောင့် အောင်လအန်ဆန်ကို နိုင်ငံတကာ MMA လောကက ပိုသတိထားမိလာကြစေမယ့်အပြင် သူကိုယ်စားပြုထားတဲ့ အမိမြေမြန်မာနိုင်ငံကိုလည်း ပိုပြီးလူသိများလာစေတော့မှာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top